
ဧပြီလ ၃၀ ရက်။
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ထဲကိုလည်း လေယာဉ်တွေနဲ့ ရိက္ခာနဲ့ ခဲယမ်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ တံတားဦး၊ မကွေးနဲ့ အေလာ လေတပ်စခန်းတွေက တက်လာတဲ့ ဂျက်ဖိုက်တာ ၅ စီးဟာ မင်းတပ်နဲ့ ကျောက်ထုအစပ်က နေရာတစ်ခုတည်းကိုတင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။
အလားတူ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း တံတားဦးနဲ့ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေက ချင်းပြည်နယ်၊ ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းတံတားကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေကိုလည်း ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း “ယောအလင်းတန်း” သတင်းအရ သိရပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်နေစဉ်မှာပဲ စစ်ကော်မရှင်ဟာ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်ထဲကို လေယာဉ်တွေနဲ့ ထောက်ပို့မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဒီကနေ့ နေ့လည် ၁ နာရီကျော်မှာ မကွေးလေတပ်က တက်လာတဲ့ Y-12 လေယာဉ်တစ်စီးဟာ ရိက္ခာနဲ့ ခဲယမ်းထုပ်တွေကို လေထီးတွေနဲ့ ၈ ကြိမ်ခန့် ချပေးခဲ့တယ်လို့ “ယောအလင်းတန်း” က ဖော်ပြထားပါတယ်။
မနေ့က ဧပြီလ ၂၉ ရက် မနက်ပိုင်းကလည်း Y-8 ထောက်ပို့လေယာဉ်တစ်စီးနဲ့ လာရောက်ချပေးခဲ့ရာမှာတော့ စားနပ်ရိက္ခာတွေမပါဘဲ လက်နက်ခဲယမ်းတွေနဲ့ တပ်လစာငွေတွေ သီးသန့်ဖြစ်တယ်လို့ လေကြောင်းနှင့် စစ်ကြောင်းကို ပုံမှန်စောင့်ကြည့်သူ “ဟာကလေး” က ဖော်ပြထားပါတယ်။ အဆိုပါ ထောက်ပို့လေယာဉ်တွေက ပစ္စည်းများ ချပေးနေစဉ်မှာ ဂျက်ဖိုက်တာ တစ်စီးက ကင်းပတ်ပျံသန်းမှု ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
လေကြောင်းအပြင် ကုန်းကြောင်းကနေလည်း စစ်ကော်မရှင်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ပြင်ဦးလွင်ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါတဲ့ ကားတန်း ၃၀ ကျော်ဟာ မိတ္ထီလာကတစ်ဆင့် ကျောက်ပန်းတောင်းကို ရောက်ရှိလာခဲ့ပြီး၊ ဒီကနေ့မနက်မှာတော့ ဆိပ်ဖြူ-ပေါက် လမ်းဆယ်မိုင်လမ်းဆုံကို ရောက်ရှိနေပြီဖြစ်ကာ ဆောမြို့နယ်ဘက်ကို ဦးတည်လာနိုင်ခြေရှိတယ်လို့ “ဟာကလေး” က ဖော်ပြထားပါတယ်။
လက်ရှိမှာ ကျောက်ထုအမြောက်တပ်ထဲကို လက်နက်ခဲယမ်းတွေ ထပ်မံရောက်ရှိနေတာကြောင့် အနီးနားပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာနိုင်တဲ့အပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေနိုင်တာကြောင့် ယောနယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက မိဘပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို နေ့ရောညပါ အထူးသတိထားနေထိုင်ကြဖို့ “ယောအလင်းတန်း” က တိုက်တွန်းနှိုးဆော်ထားပါတယ်။

