Headlines

မီဇိုရမ်ပြည်နယ်ရှိ HPC (D) ခွဲထွက်အဖွဲ့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလောကအတွင်းသို့ ပြန်လည်ဝင်ရောက်

ဧပြီလ ၃၀ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Sesawng ရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (CTI) စစ်ရေးပြကွင်းမှာ ဒီကနေ့ ကြာသပတေးနေ့က ကျင်းပတဲ့ “နေရပ်ပြန်ခြင်းနှင့် လက်နက်စွန့်လွှတ်ခြင်း အခမ်းအနား” မှာ Hmar ပြည်သူ့ကွန်ဗင်းရှင်း (ဒီမိုကရက်တစ်) (HPC-D) ရဲ့ Lalhmingthanga Sanate အဖွဲ့ဝင်တွေဟာ လက်နက်တွေ စွန့်လွှတ်ပြီး လူ့ဘောင်အတွင်းကို တရားဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်လို့ အိန္ဒိယသတင်းများက ေဖာ်ပြပါတယ်။

ဒီအခမ်းအနားဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က Sakawrdaia မှာ မီဇိုရမ်အစိုးရနဲ့ HPC (D) Lalhmingthanga Sanate အဖွဲ့တို့ကြား ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်ပြီး၊ ဒီကနေ့မှာတော့ လက်နက်တွေ အပ်နှံခြင်းအားဖြင့် သဘောတူညီချက်ကို တရားဝင် အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာမှာ ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ HPC (D) ကိစ္စဟာ ကြာမြင့်စွာ ပါဝင်နေခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမြဲတမ်း တံခါးဖွင့်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဌာနရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို သဘောတူညီချက် ရရှိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မီဇိုရမ်ပြည်နယ်ကို ငြိမ်းချမ်းတဲ့ ပြည်နယ်တစ်ခုအဖြစ် ဂုဏ်ယူစွာ ပြောဆိုနိုင်စေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးစုတွေကြား စိတ်ဝမ်းမကွဲကြဘဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး K. Sapdanga ကလည်း ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ဆိုကာ အဖွဲ့ဝင်တွေကို လူ့ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့အတွက် ကြိုဆိုခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင် Lalhmingthanga Sanate ကတော့ အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးနောက် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ရှေ့ရှုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ရရှိတဲ့ သဘောတူညီချက်ဟာလည်း သူတို့အဖွဲ့အတွက် လက်ခံနိုင်စရာ အခြေအနေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခမ်းအနားအတွင်းမှာ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လက်နက်တွေကို ရဲအရာရှိကြီးတွေဆီ အပ်နှံခဲ့ကြပြီး အကြမ်းဖက်မှုတွေကို စွန့်လွှတ်ဖို့ ကျိန်ဆိုခဲ့ကြပါတယ်။ ဒီအစီအစဉ်ကို ဆုတောင်းခြင်းနဲ့ စတင်ခဲ့ပြီး ပြည်ထဲရေး အတွင်းရေးမှူး Vanlalmawia က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ဝန်ကြီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် Lalmuanpuia Punte က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

HPC အဖွဲ့ဟာ ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အားမလိုအားမရ ဖြစ်ခဲ့ကြတဲ့ Hmar လူမျိုးစုတွေကနေ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် သဘောတူညီချက်အရ Sinlung Hills ဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ HPC (D) အဖြစ် Lalhmingthanga Sanate ရဲ့ ဦးဆောင်မှုနဲ့ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခြားအဖွဲ့တစ်ဖွဲ့ကတော့ ၂၀၁၈ ခုနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

အခုလို Lalhmingthanga Sanate အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရရှိသွားတဲ့အတွက် မီဇိုရမ်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ မရှိတော့ဘူးလို့ သိရပါတယ်။

Source: Northeast Today, India Today

Leave a Reply

Your email address will not be published. Required fields are marked *