Headlines

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ အချင်းချင်း ပြေလည်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အပူအပင်မရှိ ပြန်လာနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်လို့ CDF – Matupi တပ်မဟာ ၂ ထုတ်ပြန်

အောက်တိုဘာလ ၂၁ ရက်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ မိမိမြို့၊ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်အောင် တတိယအဖွဲ့အစည်း (Third Party)နဲ့ အတူ ကြိုးစားဆောင်ရွက်သွားမယ်လို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ရဲဘော်တွေဟာ ၆ လအတွင်းမှာ တိုင်းပြည်နယ်လူမျိုးအတွက် ၁ ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ (၇) ဦးအထိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကို ကာကွယ်ရန်နှင့် ချင်းပြည်လွတ်မြောက်နိုင်ရန် ချင်းလဲန်ကောင်စီလက်အောက်ခံဖြစ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ပြည်သူကျန်းမာရေး၊ ပညာရေး အုပ်ချုပ်ရေးနဲ့ အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ သက်ဆိုင်ရာ ချင်းလဲန်ဝန်ကြီးတွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂)က ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကိုတော့ CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ အပြီးသိမ်းပိုက်နိုင်ခဲ့သလို လက်ရှိမှာလည်း CDF – Matupi တပ်မဟာ (၁)က မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုပြန်ဖွဲ့စည်းခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *