
နိုဝင်ဘာ ၁၁ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက် (Biometric) ကောက်ယူစာရင်းသွင်းမှုက ရာနှုန်းပြည့် ပြီးစီးတဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ၃၃ ဦးပဲ စာရင်းသွင်းဖို့ ကျန်ရှိတော့တယ်လို့ ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ပြောကြားပါတယ်။
“သူတို့နိုင်ငံတွင်းက မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာပြီး လက်ရှိ ပြည်နယ်အတွင်းမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၉,၇၉၂ ဦးအနက် ၉၉.၉၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်နီးပါး) ကို ဒီလုပ်ငန်းစဉ်က လွှမ်းခြုံကောက်ယူပြီးစီးခဲ့ပြီ ဖြစ်ပါတယ်” လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူဘက်က ပြောပါတယ်။
သူကဆက်ပြီး “စာရင်းသွင်းဖို့ ကျန်ရှိနေသေးတဲ့ ၃၃ ဦးထဲက ၃၀ ဦးက Lawngtlai ခရိုင်၊ ၂ ဦးက Lunglei ခရိုင်နဲ့ ၁ ဦးက Aizawl ခရိုင်တို့မှာ အသီးသီး ကျန်ရှိနေကြတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုအနက် ၈ ခုမှာ စာရင်းသွင်းခြင်း လုပ်ငန်းစဉ် ပြီးစီးခါနီးအချိန်မှာပဲ မြန်မာနိုင်ငံကနေ ဒုက္ခသည်အသစ်တွေ ထပ်မံရောက်ရှိလာတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ခရိုင် ၃ ခုမှာ ဒီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ခဲ့ရပြီး အဲဒါက အစီအစဉ်တစ်ခုလုံး ပြီးစီးမှုကို နှောင့်နှေးစေခဲ့တယ်လို့ India Today သတင်းဌာနက ရေးသားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန (MHA) က ရေးဆွဲထားတဲ့ နိုင်ငံခြားသားတွေအတွက် အွန်လိုင်းမှတ်ပုံတင်ခြင်း ပလက်ဖောင်းနဲ့ဆက်စပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ လုပ်ငန်းစဉ်အများစုက ချောမွေ့စွာ တိုးတက်မှုရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဇီဝအချက်အလက်ကောက်ယူရေးအတွက် တာဝန်ပေးအပ်ထားတဲ့ ဝန်ထမ်းတွေဟာ အိန္ဒိယရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်း အထူးအကြပ်မတ် စိစစ်ပြင်ဆင်ရေး (SIR) နဲ့ လာမယ့် ၂၀၂၇ သန်းခေါင်စာရင်းအတွက် ပြင်ဆင်မှုတွေမှာပါ တစ်ပြိုင်နက် လုပ်ဆောင်လာရချိန်မှာတော့ တိုးတက်မှု အနည်းငယ် နှေးကွေးသွားခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းကလည်း မီဇိုရမ်မှာ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ၂,၀၀၀ ကျော်ရဲ့ ဇီဝအချက်အလက် မှတ်ပုံတင်ခြင်းကို အာဏာပိုင်တွေက အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာဒုက္ခသည်တွေကတော့ နယ်စပ်ဖြတ်ကျော်ပြီးဖြစ်စေ၊ ပြည်နယ်အတွင်းမှာဖြစ်စေ အဆက်မပြတ် ရွှေ့ပြောင်းသွားလာနေမှုတွေကြောင့် စာရင်းသွင်းခြင်း လုပ်ငန်းအရှိန်အဟုန်ကို ထပ်တလဲလဲ ထိခိုက်စေခဲ့ပါတယ်လို့ ဆိုပါတယ်။
မီဇိုရမ်မှာ နေထိုင်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် နှစ်ရပ်လုံးကို ၂၀၂၇ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းတွေမှာ ထည့်သွင်းသွားမယ်လို့ တာဝန်ရှိသူတွေက ထပ်လောင်း ရှင်းလင်းထားပါတယ်။
ဒါပေမဲ့ အဲဒီသန်းခေါင်စာရင်းလုပ်ငန်းစဉ်မှာ ပါဝင်လာတာကြောင့် သူတို့ကို အိန္ဒိယနိုင်ငံသားအဖြစ် ခွင့်ပြုပေးမှာမဟုတ်သလို၊ နိုင်ငံသားအဖြစ် သတ်မှတ်ပေးသွားမှာလည်း မဟုတ်ဘူးလို့ သိရပါတယ်။
မြန်မာဒုက္ခသည်တွေအတွက် ဇီဝအချက်အလက် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လနှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး မကြာခင် အပြီးသတ် ပြီးစီးတော့မယ်လို့ ခန့်မှန်းထားကြောင်း တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။

