





DonBosco
ဒီစာသားတိုတိုလေးအောက်မှာ ဖခင်ဖြစ်သူ လွှင့်တင်ထားတဲ့ ပန်းချီကားလေးတစ်ချပ်က မြင်ရသူတိုင်းရဲ့ ရင်ဘတ်ကို အစိမ်းလိုက် ဆွဲဆုတ် နင်းခြေသွားခဲ့ပါပြီ။ ပန်းရောင်သန်းနေတဲ့ စက္ကူနုနုလေးပေါ်မှာ ခဲတံရာရေးရေးလေးနဲ့ ပုံဖော်ထားတာက အညှာတစ်ခုတည်းကနေ တွဲလွဲခိုနေတဲ့ ချယ်ရီသီးလေး နှစ်လုံး။
အဲဒီချယ်ရီသီးလေးနှစ်လုံးကို အလယ်မှာ အသည်းနှလုံးပုံသဏ္ဌာန် ဖဲကြိုးလေးတစ်ခုနဲ့ ရစ်နှောင် ချည်နှောင်ထားပါတယ်။ အသက် ၁၀ နှစ်ဝန်းကျင် သမီးငယ်လေးရဲ့ ဖြူစင်တဲ့ စိတ်ကူးကမ္ဘာထဲက ချယ်ရီသီးနှစ်လုံးဟာ အတူတူ ကြီးပြင်းလာကြတဲ့ သူတို့ ညီအစ်မနှစ်ယောက်ကို ကိုယ်စားပြုနေသလား၊ ဒါမှမဟုတ် မိသားစုရဲ့ မေတ္တာကြိုးကို ပုံဖော်ထားသလား ဆိုတာကတော့ ကာယကံရှင် သမီးငယ်လေးမှလွဲလို့ မည်သူမျှ တပ်အပ် မသိနိုင်တော့ပါ။
သိနိုင်တာတစ်ခုကတော့ ပြီးခဲ့တဲ့ ဩဂုတ်လက ရေးဆွဲခဲ့တဲ့ ဒီရိုးရှင်းလှတဲ့ အနုပညာလက်ရာလေးဟာ အခုတော့ ဖခင်ဖြစ်သူအတွက် ဘယ်သောအခါမှ အစားထိုးလို့မရနိုင်တော့မယ့် ရင်နင့်ဖွယ် မျက်ရည်စက်တွေသာ ဖြစ်သွားခဲ့ရပြီ ဆိုတာပါပဲ။
ဒီပန်းချီကားလေးအောက်က မှတ်ချက်တွေဟာလည်း ဆုံးရှုံးသွားရသူတွေအတွက် ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့ ပူဆွေးသောကတွေကို ပိုမို လေးနက်သွားစေပါတယ်။ “ထပ်တူထပ်မျှ ဝမ်းနည်းခံစားပေးလျက်ပါ ငါ့တူကြီးရေ… ရင်ထဲ နာကျင်ရပါတယ်။ လူမဆန်တဲ့လူတွေ အဖိုးခ ပြန်ပေးဆပ်ကြရလိမ့်မယ်” ဆိုတဲ့ ဆွေမျိုးတစ်ဦးရဲ့ နာကျင်မှုနဲ့ ဒေါသ ရောယှက်နေတဲ့ မှတ်ချက်ဟာ ဒီဖြစ်ရပ်ရဲ့ ရက်စက်ယုတ်မာမှုကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေပါတယ်။
ဒါ့အပြင် ချင်းဘာသာစကားနဲ့ ရေးသားထားတဲ့ “Thin NAT nak hi a reh thei lo e… (ဒီနာကျင်မှုက ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ကြားရသူတိုင်း ရင်ထဲမှာ နာကျင်ခံစားရပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကလွဲပြီး တခြား နှစ်သိမ့်စရာဆိုတာ မရှိတော့ပါဘူး။ အရာရာတိုင်းအတွက် ဘုရားသခင်ရဲ့ နှစ်သိမ့်မှုကို ရရှိပါစေ)” ဆိုတဲ့ ဆုတောင်းမေတ္တာလေးကလည်း ဒီလို အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးအတွက် လူသားတွေရဲ့ စကားလုံးတွေထက် ဘုရားသခင်ရဲ့ နှစ်သိမ့်မှုသာလျှင် အကောင်းဆုံး ကုစားဆေးဖြစ်တယ်ဆိုတာကို ကြေကွဲဖွယ်ရာ ညွှန်းဆိုနေပါတယ်။
ဒီလို လူအများရဲ့ ရင်ကို ဆို့နင့်စေခဲ့တဲ့ အဖြစ်ဆိုးကြီးဟာ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ခင်းကနေ စတင်ခဲ့တာပါ။ ဟားခါးမြို့ကနေ ဖလမ်းမြို့ဆီကို ပြန်လည် ထွက်ခွာလာတဲ့ သုံးဘီးလေးတစ်စီးဟာ သေမင်းတမန် ခရီးစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပါဘူး။ အသက် ၄၀ အရွယ် မိခင်၊ ပန်းချီကားလေးကို ရေးဆွဲခဲ့တဲ့ သမီးကြီး အပါအဝင် သမီးငယ်လေး နှစ်ဦးနဲ့ သုံးဘီးယာဉ်မောင်းတို့ဟာ လမ်းခရီးမှာတင် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။
စိုးရိမ်တကြီး လိုက်လံစုံစမ်းကြချိန် နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ဟားခါး-ဖလမ်း ကားလမ်းမပေါ်က ရီအယ်လ်သီ (Rialti) ကျေးရွာအနီးမှာ သွေးအေးစက်စက်နဲ့ အသက်မဲ့နေတဲ့ သူတို့လေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့လိုက်ရချိန်မှာတော့ ကျန်ရစ်သူ မိသားစုရဲ့ ကမ္ဘာလောကကြီးဟာ ပြိုလဲပျက်ကျသွားခဲ့ပါပြီ။ ရက်စက်မည်းမှောင်လွန်းတဲ့ ကျည်ဆန်တွေဟာ အပြစ်ကင်းစင်တဲ့ ခန္ဓာကိုယ်လေးတွေကို မညှာမတာ ဖောက်ထွင်းဝင်ရောက်သွားခဲ့ကြပါတယ်။
အခု သေဆုံးသွားခဲ့ရတဲ့ မိခင်နဲ့ သမီးလေးတွေဟာ မိတ်ဆွေတွေကြားမှာ အေးအေးချမ်းချမ်း နေထိုင်တတ်သူတွေပါ။ ဖခင်ဖြစ်သူဟာလည်း ဟားခါးမြို့က သာမန် အစိုးရဝန်ထမ်း တစ်ယောက်သာဖြစ်ပြီး မိသားစု အခက်အခဲတွေကြောင့် CDM လမ်းကြောင်းပေါ် မလျှောက်လှမ်းနိုင်ခဲ့ပေမဲ့၊ ဘာလက်နက်မှ ကိုင်ဆောင်မထားတဲ့ သူ့ရဲ့ ဇနီးနဲ့ သမီးငယ်လေးတွေ အခုလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာဟာ ဘယ်လို အကြောင်းပြချက်နဲ့မှ ခွင့်လွှတ် လက်ခံနိုင်စရာ မရှိပါဘူးလို့ပဲ ၀◌မ်းနည်းဒေါသနဲ့ မှတ်ချက်ပြုကြပါတယ်။
ပဋိပက္ခရဲ့ အမှောင်ထုကြားမှာ ဘယ်သူဘယ်ဝါက ကျည်ဆန်တွေကို ပစ်ခတ်သွားခဲ့သလဲ ဆိုတဲ့ “လက်သည်မပေါ်တဲ့ သေဆုံးမှု” ဟာ ဖခင်ဖြစ်သူနဲ့ ကျန်ရစ်သူတွေရဲ့ ရင်ဘတ်ထဲကို ဆားနဲ့ပက်သလို ပိုပြီး စပ်ဖျဉ်း နာကျင်စေပါတယ်။ မကျေနပ်ချက်တွေအတွက် တုံ့ပြန်ဖို့ မဟုတ်တောင်မှ၊ ဘယ်သူ့ကြောင့် ငါ့မိသားစုလေး ဒီလို ဘဝဆုံးသွားရသလဲဆိုတဲ့ အဖြေတစ်ခု ရခဲ့ရင်တောင် ဖြေသိမ့်စရာ လမ်းစလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဇာတ်ကောင်ပျောက်နေတဲ့ ဒီပဋိပက္ခရဲ့ အမှောင်ထုထဲမှာ နောက်ထပ် ရင်လေးစရာကောင်းတဲ့ ကိစ္စတစ်ခုကတော့ အမုန်းတရားရဲ့ အဆိပ်ငွေ့တွေ ထောင်းထောင်းထနေတာပါပဲ။ အပြစ်မဲ့ သားအမိသုံးဦးရဲ့ အသက်ဇီဝိန်ကို အစိမ်းလိုက် ချွေယူခံလိုက်ရတာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကိုလည်း စွပ်စွဲသူတွေရှိသလို ချင်းလူမျိုး အချင်းချင်းကြားမှာရှိတဲ့ တပ်ဖွဲ့တွေ အပြန်အလှန် စွပ်စွဲပြစ်တင်ရင်း အမုန်းစကားတွေ တစ်ပြိုင်တည်း ဆူညံနေချိန်မှာပဲ၊ စစ်ကော်မရှင်ကတော့ ဒါဟာ “အကြမ်းဖက် ချင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လက်ချက်” လို့ အတပ်ပြောပြီး ကြေညာချက် ထုတ်လိုက်တာကို သတိထား၊ သတိချပ်ဖို့လိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ဒီလိုထုတ်ပြန်လိုက်တာဟာ အချင်းချင်းကြား သံသယမီးလျှံတွေ ပိုမိုဟုန်းဟုန်းတောက်လာစေဖို့ အဖွဲ့ကွဲများပြားလှတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ခုခုကို တမင်သက်သက် ဗန်းပြ အသုံးချလိုက်ခြင်းလား။ ဒါမှမဟုတ် အဲဒီအရပ်ဒေသမှာ လှုပ်ရှားနေတဲ့ တကယ့် တရားခံ တော်လှန်ရေးတပ်ဖွဲ့ကို သိသိကြီးနဲ့ တမင်ထိန်ချန်ပြီး နိုင်ငံရေးအမြတ်ထုတ် သတင်းထုတ်ပြန်လိုက်တာလား ဆိုတာဟာ အလွန်ကို သတိချပ်စရာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အရိပ်အကွယ်က ပျံဝဲလာတဲ့ ကျည်ဆန်တွေကြောင့် ကျန်ရစ်သူတွေ ရင်ကွဲနာကျနေချိန်မှာ၊ အဲဒီသွေးကွက်ပေါ် နိုင်ငံရေးကစားကွက် ရွှေ့နေကြတာဟာ အင်မတန်မှ ရွံရှာဖွယ် ကောင်းလှပါတယ်။
အခုတော့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့အတူ ဖလမ်းမြို့ရဲ့ မြေဆီလွှာအောက်မှာ သားအမိ သုံးဦးကို ထုံးတမ်းစဉ်လာနဲ့အညီ နှုတ်ဆက် မြေချလိုက်ရပါပြီ။ ဖခင်ဖြစ်သူရဲ့ စာမျက်နှာထက်က ဖဲကြိုးလေးချည်ထားတဲ့ ချယ်ရီသီး နှစ်လုံး ပန်းချီကားလေးဟာ အခုတော့ အသက်မဝင်နိုင်တော့တဲ့ အတိတ်ရဲ့ အရိပ်အယောင်တစ်ခုအဖြစ် အေးစက်စွာ ကျန်ရစ်ခဲ့ပါပြီ။
အချစ်နဲ့ ချည်နှောင်ထားတဲ့ အဲဒီဖဲကြိုးလေးဟာ တမလွန်ကို ကူးပြောင်းသွားကြတဲ့ သားအမိ သုံးဦးအတွက် အဆုံးမဲ့ မေတ္တာကြိုးလေးအဖြစ် ကျန်ရစ်သူတို့ရဲ့ ရင်ထဲမှာ ထာဝရ ဆက်လက် ရှင်သန်နေတော့မှာ ဖြစ်ပါတယ်။

