Headlines

AA နဲ့ မီဇိုရမ်ယာဉ်ပိုင်ရှင်များအသင်းတို့ နယ်စပ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လက်မှတ်ရေးထိုး

နိုဝင်ဘာလ ၂ ရက်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်ရှိ မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (Mizoram Commercial Vehicles Owners Association – MCVOA) နဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့အကြား နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ( MoU) တစ်ရပ် ကို အောက်တိုဘာလ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း Times of India ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီနားလည်မှုစာချွန်လွှာကို ဆိုင်ဟာမြို့ရှိ Press Club မှာ MCVOA ရဲ့ ဆိုင်ဟာခရိုင်အဖွဲ့ခွဲနဲ့ ULA/AA ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

လက်မှတ်ရေးထိုးကြတဲ့ နားလည်မှုစာချွန် MoU ဟာ မီဇိုရမ်-မြန်မာနယ်စပ်ချင်းပြည်နယ်တောင်ပိုင်းတစ်လျှောက် လက်ရှိလုပ်ဆောင်နေသော တရားဝင်မဟုတ်တဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ MCVOA နှင့် ULA/AA တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်တာလို့လည်း သိရပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်လာတဲ့ နားလည်မှုလွဲမှားခြင်းတွေနဲ့ အခြားအခက်အခဲတွေကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းတို့မှတစ်ဆင့် ဖြေရှင်းနိုင်ရန်လည်း ရည်ရွယ်ထားပြီး မြန်မာနိုင်ငံဘက် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရာလီနှင့် ဆလချွာကျေးရွာများမှာညကုန်သွယ်ရေးအတွက် အသုံးပြုတဲ့ ယာဉ်နဲ့ လှေငှားရမ်းခနှုန်းထားတွေကိုလည်း တစ်ပြေးညီဖြစ်စေရန်နဲ့ သင့်တင့်မျှတသောနှုန်းထား သတ်မှတ်နိုင်ရေးအပါအဝင် ကိစ္စရပ်အများအပြားကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အပြင် ရာလီနှင့် ဆလချွာကျေးရွာတွေမှာရှိတဲ့ နယ်စပ်ဂိတ်တွေကိုလည်း နေ့စဉ် ည ၈ နာရီအထိ ဖွင့်လှစ်ထားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးကို MCVOA ရဲ့ ဆိုင်ဟာခရိုင်အဖွဲ့ခွဲဥက္ကဋ္ဌ K Hmangaihliana က ဦးဆောင်ခဲ့ပြီးဆိုင်ဟာခရိုင်အတွင်းရှိ ကုန်သည်တွေနဲ့ ဆက်ဆံလုပ်ကိုင်ခြင်းဟာ ပိုမိုအကျိုးရှိသလို လုံခြုံမှုလည်း ရှိတဲ့အကြောင်း ULA/AA ကိုယ်စားလှယ်များကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအလွန် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေနဲ့ ကုန်သွယ်ရေးတွေ ဆက်သွယ်မှု ပြတ်တောက်နေတာကြာပြီဖြစ်လို့ မီဇိုရမ်ပြည်နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းအတွက်လောင်စာဆီအပါအဝင် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရရှိရေးအတွက် အရေးပါတဲ့ ဒေသဖြစ်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *