Headlines

၂၀၂၆ အင်တာနက်လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံ ရမှတ် ၉ မှတ်နဲ့ ကမ္ဘာ့အဆိုးဆုံးအဆင့်မှာ ဆက်ရှိနေ

အောက်တိုဘာလ ၂၂ ရက်။

မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် အခြေအနေမှာ ရမှတ် ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပြီး တရုတ်၊ အီရန်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး ပူးတွဲနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့ Freedom House နဲ့ Human Rights Myanmar (HRM) တို့က ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ “Freedom on the Net 2026: Seismic Shifts on the Global Internet” အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ရာကနေ အခု ၂၀၂၆ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် အဆိုးဆုံးစာရင်းမှာ ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပဋိပက္ခတွေကြားထဲမှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေဟာ ဆက်တိုက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ အဓိက အင်တာနက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ အော်ပရေတာ ကုမ္ပဏီအားလုံးကို တိုက်ရိုက်ရော သွယ်ဝိုက်သောနည်းနဲ့ပါ ထိန်းချုပ်ထားပြီး၊ ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် ဆင်ဆာဖြတ်တောက်မှုတွေနဲ့ စောင့်ကြည့်ထောက်လှမ်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ ထောက်ပြထားပါတယ်။

အစီရင်ခံစာ လေ့လာဆန်းစစ်ခဲ့တဲ့ ကာလအတွင်း ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်တွေမှာလည်း စစ်ကော်မရှင်ဘက်က သတင်းဝက်ဘ်ဆိုက်တွေ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ အင်တာနက်ဆင်ဆာ ရှောင်လွှဲတဲ့ ကိရိယာတွေ (VPN/Anticensorship tools) ကို ပိတ်ပင်ကန့်သတ်တာတွေ ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ဒေသအလိုက် အင်တာနက် ဖြတ်တောက်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့သလို၊ ရွေးကောက်ပွဲ ဥပဒေအသစ်ကို အသုံးချပြီး အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ ပြည်သူတွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ် ရေးသားဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ အခြေအနေမှာတော့ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၆ နှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပြီး အကဲဖြတ် စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၃၈ နိုင်ငံထဲက ၁၆ နိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၈ ရက်ကြာ အင်တာနက်ဖြတ်တောက်မှု ပြုလုပ်ခဲ့တာကြောင့် တစ်နှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် အကျဆင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး မြန်မာ၊ တရုတ်တို့နဲ့အတူ အဆိုးဆုံး ပူးတွဲရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Freedom on the Net အစီရင်ခံစာဟာ ကမ္ဘာ့အင်တာနက် အသုံးပြုသူ ၇၀ ဒသမ ၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုတဲ့ နိုင်ငံ ၃၈ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နယ်ပယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချက် ၂၁ ချက်ပါ စံနှုန်းတွေနဲ့ အမှတ်ပေး စိစစ်ထားတာဖြစ်ပြီး၊ အက်စတိုးနီးယား (Estonia) နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အကောင်းဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *