
စက်တင်ဘာလ ၁ ရက်။
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ကလေး – တမူး အာရှလမ်းမကြီးကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို ခမ်းပတ်မြို့မှာ တပ်ရင်းကြီးတစ်ခု တိုးချဲ့ နေရာချဖို့ နဲ့ လမ်းတလျှောက် ရပ်ရွာပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ဒေသခံတစ်ဦးက “ကလေး – တမူးကြားက ပျက်စီးသွားတဲ့ တံတားတွေလည်း အားလုံးနီးပါး ပြန်ပြင်လို့ပြီးပြီ တချို့ ဝိတုတ်တံတားတွေလောက်ဘဲ ပြင်နေတုန်းဖြစ်တယ် နာက်ပြီး စစ်ရှောင်နေကြတဲ့ မြို့ခံတွေလည်း အများစုတော့ ပြန်လာနေကြပြီ နောက်ပြီး သတင်းကြားရတာက စစ်ကောင်စီက ရပ်ရွာပြည်သူ့စစ်ပုံစံမျိုးတွေလည်း ဖွဲ့မယ်လို့ သတင်းကြားရတယ် ပြီးတော့ ခမ်းပတ်မြို့မှာ တပ်ရင်း အကြီး တစ်ခုထားဖို့ စီစဉ်နေတယ်လို့လည်းကြားရတယ် ကလေးမြို့ဘက်ကနေ တမူးကို စစ်ကူပေးတာတို့ ထောက်ပံ့ပေးတာတို့ လုပ်ချင်တဲ့အခါ ကြန့်ကြာတဲ့အတွက် ခမ်းပတ်မြို့မှာ တပ်ရင်းကြီး တစ်ခုထားမယ်လို့လည်း သတင်းတွေထွက်နေတယ်လို့”ပြောပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ တမူးနဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ပြီး မြေပြင်သာလွန်အင်အားအပြင် လေကြောင်တိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သြဂုတ်လ အစောပိုင်းမှာ အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကလေး – တမူးလမ်းမပေါ်က ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံပြည်သူအမြောက်အများဟာ နီးစပ်ရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ ဒေသခံ အချို့နေရပ်ပြန်လာနေကြပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

