
ဩဂုတ်လ ၃၁ ရက်။
မြေပြင်စစ်ပွဲမှာ အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ရှုံးမဲမဲကာ အပြစ်မဲ့အရပ်သား ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေအနေဖြင့် လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ချင်းပြည်သူ့အစည်းအရုံး ( CPU / CPA) က ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ည ၅ နာရီခွဲဝန်းကျင်လောက်ကလည်း မင်းတပ်မြို့နယ် ၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး ၊ စစ်ဘေးရှောင် ၂ ဦး ၊ သက်ကြီးရွယ်အို အဘိုးအဘွားအပါအဝင် ဒေသခံ ပြည်သူ ၈ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့သလို တခြားပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံးက ဆိုပါတယ်။
ချင်းပြည်သူ့အစည်းအရုံး ( CPU ) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို မေလလယ်ဝန်းကျင်ကစလို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပြည်သူ့အစည်းအရုံးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး ထိုးစစ်တွေကို ခုခံဟန့်တားထားနိုင်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး က ထုတ်ပြန်ပါတယ်။
လက်ရှိစစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ထိုးစစ်တွေကို ခုခံဟန့်တားထားနိုင်ပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ တိုက်လေယာဉ် Y 12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆိုင်ခန်းတွေကို အကြိမ်ပေါင်းများစွာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်လျက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

