Headlines

ကလေးမြို့ရှိ ဝယ်စလီဆေးရုံကြီးအား ၅ ထပ် အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်

ဩဂုတ်လ ၃၁ ရက်။

ကလေးမြို့ တာဟန်းရပ်ကွက် ရှိ ဝယ်စလီ ပုဂ္ဂလိက ဆေးရုံကြီးကို လက်ပံချောင်းလမ်းဟု လူသိများ​သော ကလေး-ရာဇဂြိုလ် လမ်းမ အနီးမှာ ဆောက်လုပ်ထားတဲ့ ငါးထပ် ရှိတဲ့ ဆေးရုံအဆောက်အဦးသစ် သို့ ပြောင်းရွှေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပြီး လူမှုကူညီရေး အသင်းများမှ သြဂုတ် ၂၉ ရက်နေ့မှာ ဆေးရုံရှိ လူနာများ ကူညီ ရွေ့ပြောင်း ပေးကြတယ် လို့ ဒေသခံများ ထံမှသိရှိရ ပါတယ်။

“သောကြာနေ့ ညနေ အလုပ်က ပြန်လာတော့ လက်ပန်ချောင်း လမ်းခွဲ တချို့ လမ်းထောင့် တွေမှာ ဝယ်စလီ ဆေးရုံ သစ်သို့ ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ် အသစ်တွေ စိုက်ထားတာ တွေ့ရတယ်။ ဒိုးဝိုင်းချောင်းဘက် မှာရှိတဲ့ YCW ကိုယ်ပိုင် အထက်တန်း ကျောင်း အနီး လမ်းတဖက်ခြမ်း မှာပါ။ အရင် ဝယ်စလီ သောက်ရေသန့် စက်ရုံ ရှိတဲ့ နေရာ ပါပဲ” လို့ ကလေးမြို့နေ ပြည်သူ တဦးက ပြောကြား သွားပါတယ်။

ယခု ရွေ့ပြောင်းတဲ့ ဝယ်စလီ ပုဂ္ဂလိကဆေးရုံ ရဲ့ အဆောက်အအုံသစ်ဟာ ၅ ထပ်တိုက် အဆောက်အအုံဖြစ်ပြီး ဓာတ်လှေကားများနှင့် ကျယ်ဝန်းသည့် ယာဉ်ရပ်နားစခန်း (Car Parking) ပါဝင်ပြီး ခုတင် ၁၂၀ အထိ တိုးချဲ့ထားကြောင်း လူနာရွေ့ပြောင်းရေး ကူညီ ပေးတဲ့ ပရဟိတ အဖွဲ့များရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။

Chin World Media အနေဖြင့် ဝယ်စလီ ပုဂ္ဂလိက ဆေးရုံး ရုံးခန်းကို ဆက်သွယ် မေးမြန်းရာမှာတော့ “ဆေးရုံတက်မယ်၊ ဆေးခန်းပြမယ် ဆိုရင် ဆေးရုံသစ်မှာပဲ လာခဲ့ပါ။ ဝန်ဆောင်မှု အားလုံး ဆေးရုံသစ်ကို ပြောင်းလိုက်ပါပြီ။ ကျန်တဲ့ အပိုင်းတွေတော့ ကျွန်မတို့ အနေနဲ့ ဖြေကြားလို့ မရသေးဘူး” လို့ ဆေးရုံ ရုံးခန်း တာဝန်ရှိသူ တဦးက ဖြေကြားသွားပါတယ်။

ဆေးရုံသစ်သို့ ပြောင်းရွှေ့ရာတွင် ဆေးရုံဟောင်းမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာများအား မေတ္တာထွဋ်ခေါင်၊ ကာယကံမေတ္တာ၊ ပုညကုသလ၊ တာဟန်း မီးဇို လူငယ် (Tahan Mizo Youth)၊ မြို့လှ နှင့် အင်ဒိုင်းကုန်း အစရှိသော ဒေသခံလူမှုကူညီရေးအသင်းများနှင့်အတူ Wesley အသင်းတော်မှ လူငယ်များက ဝိုင်းဝန်းလုပ်အား ကူညီ ရွေ့ပြောင်းပေးကြောင်း ဒေသရှိ ပရဟိတ အဖွဲ့အစည်းများ ထံမှ ဆက်လက် သိရှိရ ပါတယ်။

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ရှိတဲ့ ဝယ်စလီ ပုဂ္ဂလိက ဆေးရုံကြီး ဟာ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ နှစ်ပေါင်း ၄၀ နီးပါး သက်တမ်းရှိပြီဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *