
ဩဂုတ်လ ၃၁ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြိုနယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက မနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။
စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၄ လုံးဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ သေဆုံးသူတွေထဲ ကျောင်းနေအရွယ် KG တန်းတက် ကလေးငယ် ၊ ၉ တန်းတက်နေတဲ့ ကလေးတွေအပါအဝင် သက်ကြီးပိုင်းအဖိုးအဖွားအရွယ်တွေလည်း ပါဝင်တယ်လို့ သတင်းကြားတယ် ထိခိုက်ဒဏ်ရာရသူတွေလည်း ၁၂ ဦးထက်မနည်းလို့ပြောကြတယ်” လို့မင်းတပ်ဒေသခံ HKL Mindat က Facebook မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ကျေးရွာအတွင်းရှိ အရပ်သားပြည်သူနေအိမ် ၂၀ ဝန်းကျင်ခန့် ထိခိုက်ပျက်စီးခဲ့ပြီး တချို့နေအိမ်တွေ မီးလောင်ပြာကျသွားတယ်လို့လည်း မင်းတပ်ဒေသခံ HKL Mindat က ၎င်းလူမှုကွန်ယက်ပေါ် ဖော်ပြချက်အရသိရပါတယ်။
အခုလို စစ်ရေးပစ်မှတ်မတဲ့ အရပ်သားကျေးရွာကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံတွေနဲ့ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်သူ့တပ်မတော် ( CPA /CPU) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြိုနဲ့ ကန်ပက်လက်မြိုတိုကို စစ်ကောင်စီက အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဖွဲဟာ မြို၊ ရွာတွေ ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေဖြင့် တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လု့လည်း ချင်းပြည်သူ့တပ်မတော် ( CPA /CPU) က ဆိုပါတယ်။

