Headlines

မင်းတပ်မြို့နယ်မှာ ဒီနေ့လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရသူတွေရှိ

ဩဂုတ်လ ၃၀ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလို စစ်ရေးပစ်မှတ်မတဲ့ အရပ်သားကျေးရွာကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံတွေနဲ့ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအပြစ်မဲ့ ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိတာတွေရှိပြီး ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအပြစ်မဲ့ ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိတာတွေရှိသူ စာရင်းနဲ့ နေအိမ်ထိခိုက်ပျက်စီးတဲ့ အရေတွက်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

ချင်းပြည်သူ့တပ်မတော် ( CPA /CPU) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို စစ်ကောင်စီက အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့၊ ရွာတွေ ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေဖြင့် တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လု့ိလည်း ချင်းပြည်သူ့တပ်မတော် ( CPA /CPU) က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *