Headlines

လူမျိုးခြားလက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေရဲ့ အမွေဆက်ခံမှုဥပဒေကန့်ကွက်လွှာကို အိန္ဒိယတရားရုံးချုပ် ကြားနာဖို့ ငြင်းပယ်

ဩဂုတ်လ ၃၀ ရက်။

အိန္ဒိယနိုင်ငံမှာ မီဇိုမျိုးနွယ်စုဝင် မဟုတ်တဲ့သူတွေနဲ့ လက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်စေတယ်ဆိုပြီး လျှောက်ထားသူဘက်က တင်ပြထားတဲ့ ၂၀၁၄ ခုနှစ် မီဇိုထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနဲ့ ပစ္စည်းအမွေဆက်ခံခြင်းဆိုင်ရာ အက်ဥပဒေရဲ့ ၂၀၂၆ ပြင်ဆင်ချက်တွေကို ကန့်ကွက်တဲ့ အသနားခံလွှာကို ကြားနာစစ်ဆေးဖို့ အိန္ဒိယတရားရုံးချုပ်က ငြင်းပယ်လိုက်ပါတယ်။

အိန္ဒိယတရားရုံးချုပ်ကတရားသူကြီးချုပ်အပါအ၀င် တွဲဖက်

တရားသူကြီးနှစ်ဦး ပါဝင်တဲ့ တရားခွင်က ဒီကိစ္စကို သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားလွှတ်တော်မှာပဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

လက်ရှိ တင်းမာမှုတွေကြောင့် အိုက်ဇော်လ်တရားခွင်ခွဲ (Aizawl Bench) မှာ အဆင်ပြေချောမွေ့တဲ့ ပတ်ဝန်းကျင် မရှိနိုင်ဘူးဆိုတဲ့ လျှောက်ထားသူရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုပေးခဲ့ပြီး ဂူဝါဟာတီတရားလွှတ်တော်ရဲ့ ပင်မတရားခွင် (Principal Bench of the Gauhati High Court) ကို တိုက်ရိုက်သွားရောက် လျှောက်ထားခွင့် ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီကိစ္စဟာ အရေးတကြီး အာရုံစိုက်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့လည်း တရားသူကြီးတွေက မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီအသနားခံလွှာမှာ အက်ဥပဒေရဲ့ ပုဒ်မ ၂၊ ပုဒ်မ ၃(m)၊ ပုဒ်မ ၂၅ နဲ့ ပုဒ်မ ၂၆(၁) ပြင်ဆင်ချက်တွေကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ ပြင်ဆင်ထားတဲ့ ပုဒ်မ ၂ မှာ ဒီဥပဒေ အကျုံးဝင်မှုကို ဇနီးမောင်နှံနှစ်ဦးစလုံး မီဇိုလူမျိုးဖြစ်တဲ့ ထိမ်းမြားမှု ဒါမှမဟုတ် ခင်ပွန်းဖြစ်သူက မီဇိုလူမျိုးဖြစ်တဲ့ ထိမ်းမြားမှုတွေအတွက်ပဲ ကန့်သတ်ထားပြီး မီဇိုမဟုတ်တဲ့ အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ မီဇိုအမျိုးသမီးတွေကို ချန်လှပ်ထားပါတယ်။

မီဇိုထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနှင့် ပစ္စည်းအမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၃(m) ဟာ “မီဇို (Mizo)” ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပြီး ၂၀၂၆ ခုနှစ် ပြင်ဆင်ချက်မှာတော့ ဖခင်ဘက်လိုက် မျိုးရိုးစဉ်ဆက်ကိုသာ အဓိကထားကာ မွေးရာပါ မီဇိုလူမျိုးတွေ ဒါမှမဟုတ် ဖခင်ဖြစ်သူက မီဇိုမျိုးနွယ်စုဝင် ဖြစ်သူတွေကိုသာ ဥပဒေအရ “မီဇို” အဖြစ် တရားဝင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲဟာ မီဇိုအမျိုးသမီးတွေရဲ့ သီးခြားလွတ်လပ်တဲ့ အမှတ်သညာကို ထိခိုက်စေသလို သူတို့ရဲ့ သားသမီးတွေအတွက်လည်း အမွေဆက်ခံမှုနဲ့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံရမှု ကိစ္စတွေမှာ နစ်နာမှုတွေ ဖြစ်စေတယ်လို့ လျှောက်ထားသူက တင်ပြထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၆(၁) က အကာအကွယ်ပေးထားတဲ့ အချက်တွေကို ဖြုတ်ပယ်လိုက်တာကြောင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေအတွက် အကာအကွယ်မဲ့သွားစေပြီး ပုဒ်မ ၂၅ မှာလည်း အိမ်ထောင်သည်ဘဝ ပိုင်ဆိုင်မှုတွေထဲကနေ အမျိုးသမီးတစ်ဦး ရပိုင်ခွင့်ရှိတဲ့ ဝေစုကို အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ဥပဒေအရ ကန့်သတ်ထားတယ်လို့ အသနားခံလွှာမှာ ထောက်ပြထားပါတယ်။

ဒီပြင်ဆင်ချက်တွေဟာ အိမ်ထောင်ရေးဆိုင်ရာ အခွင့်အရေးတွေကိုသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၁ နဲ့ ၃၄၂ အရ သတ်မှတ်ထားတဲ့ အသိအမှတ်ပြု မျိုးနွယ်စု (Scheduled Tribe) အခွင့်အရေးနဲ့ ဆက်စပ်နေတဲ့ ပိုင်ဆိုင်ခွင့်နဲ့ အမွေဆက်ခံခွင့် အကျိုးစီးပွားတွေကိုပါ ထိခိုက်စေတယ်လို့ လျှောက်ထားသူက အခိုင်အမာ တင်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *