
ဩဂုတ်လ ၃၀ ရက်။
ချင်းလူငယ် ပန်းချီအနုပညာရှင် ဆလိုင်းနံရံဟာ သူကိုယ်တိုင် ရေးဆွဲထားပြီး တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် စုစည်းထားတဲ့ “Chin Lady” ပန်းချီစီးရီးကို ကျောင်းစရိတ်အတွက် ရည်ရွယ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ရောင်းချခဲ့ပါတယ်။
“အဆင်ပြေတဲ့ အချိန်ကျရင် တစ်ကိုယ်တော် ပြပွဲလုပ်ဖို့ စုထားတဲ့ ပန်းချီကားတွေပါ။ ကျွန်တော့်ရဲ့ “Chin Lady” စီးရီးထဲက ပန်းချီကား ၁၃ ကားစလုံးကို ရောင်းချတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ စိတ်ပညာ (Psychology) နဲ့ မဟာတန်းတက်ဖို့ ပြင်ဆင်နေပြီး တက်ရောက်ခွင့်လည်း ရရှိထားပါပြီ။ ပထမနှစ်ဝက် စတက်တော့မှာမို့ ကျောင်းစရိတ် လိုအပ်လာတာကြောင့် အခုလို ရောင်းချရတာပါ” လို့ သူက Chin World ကို ပြောပြခဲ့ပါတယ်။
ရောင်းချတဲ့ ပန်းချီကားတွေထဲက ၁၁ ကားဟာ အလျား ၇၆.၂ စင်တီမီတာ၊ အနံ ၄၅.၇၂ စင်တီမီတာ (၂ ပေခွဲ၊ ၁ ပေခွဲ ခန့်) အရွယ်အစားရှိတဲ့ Acrylic on Canvas (a/c) လက်ရာတွေ ဖြစ်ပြီး၊ ရေဆေး (Watercolor) နဲ့ ရေးဆွဲထားတဲ့ A3 ဆိုဒ် ၂ ကားလည်း ပါဝင်ပါတယ်။ ဈေးနှုန်းတွေကတော့ Acrylic နဲ့ ရေးဆွဲထားတဲ့ ၁၁ ကားကို ကျပ် ၅ သိန်းစီနဲ့ ရေဆေး ၂ ကားကိုတော့ ကျပ် ၂ သိန်းစီ သတ်မှတ်ရောင်းချထားတာ ဖြစ်ပါတယ်။
“ကျွန်တော့်ဘက်ကတော့ အိုက်ဇောလ်မြို့ကနေ ဟားခါးမြို့အထိ ပို့ပေးနိုင်မယ်။ ဟားခါးမြို့ကနေ ဝယ်ယူသူရှိတဲ့ မြို့ဆီကိုတော့ သူတို့အစီအစဉ်နဲ့ ဆက်သွယ်ယူရပါလိမ့်မယ်။ ဒါက ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး ကူညီပေးနိုင်တဲ့ အတိုင်းအတာပါ။ လောလောဆယ်မှာတော့ တချို့ကားတွေ ရောင်းထွက်သွားပါပြီ” လို့ ဆလိုင်းနံရံက ဆက်ပြောပါတယ်။
ချင်းလူငယ် ပန်းချီအနုပညာရှင် ဆလိုင်းနံရံဟာ မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ ဆေးတက္ကသိုလ်ကနေ တိကုဆရာဝန်ဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။
ပန်းချီပညာကိုတော့ ဝါသနာအရ လေ့လာသင်ယူ ရေးဆွဲနေသလို မော်ဒန်ကဗျာတွေကိုလည်း ရေးသားနေပြီး ဝါသနာတူ ကဗျာဆရာတွေနဲ့အတူ မော်ဒန်ကဗျာစာအုပ်တွေလည်း ထုတ်ဝေခဲ့ဖူးပါတယ်။
သူ့ရဲ့ ပန်းချီလက်ရာတွေကို ၂၀၁၈ ခုနှစ် မင်းတပ်မြို့ ချင်းအမျိုးသားနေ့ ပန်းချီပြပွဲမှာ စတင်ပြသခဲ့သလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာတော့ ဟားခါးမြို့မှာ ပထမဆုံး တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ပြုလုပ်တဲ့ အခြားပန်းချီဆရာတွေနဲ့ ပူးတွဲအနုပညာပြပွဲတွေမှာလည်း ဆက်လက် ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။

