
စက်တင်ဘာလ ၁၃ ရက်။
ဒီနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ‘ကူကီး ဝမ်းနည်းကြေကွဲခြင်း အောက်မေ့ဖွယ်နေ့ (Sahnit Ni)’ အတွင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Tamenglong နဲ့ Noney ခရိုင်တို့မှာ သီးခြား တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး ကူကီးလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ Idia Today သတင်းဌာနက ဖော်ပြပါတယ်။
ပထမ တိုက်ခိုက်မှုဟာ Tamenglong ခရိုင် Tollen ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် မိုးမလင်းမီ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ နှစ်ဦး သေဆုံးခဲ့သလို သူတို့ရဲ့ သားငယ်မှာလည်း ကျည်သင့်ဒဏ်ရာတွေ ရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်မှာတော့ Noney ခရိုင် Longpi Kuki ကျေးရွာမှာ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကူကီးလူမျိုး ၂ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ Sempat ကျေးရွာမှာ နေထိုင်ကြတဲ့ Thangvel Gangte နဲ့ Julie Gangte တို့ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နောက်ထပ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေပြီး သူမ ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ဘယ်ရောက်နေတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုတွေကို NSCN-IM နဲ့ ZUF-K အဖွဲ့က လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက စွပ်စွဲထားပေမဲ့ အဲဒီစွပ်စွဲချက်တွေကိုတော့ သီးခြား အတည်မပြုနိုင်သေးဘူးလို့ India Today သတင်းဌာနကဖော်ပြပါတယ်။
၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးဟာ နယ်မြေပိုင်ဆိုင်မှု၊ လူမျိုးစုနယ်မြေ သတ်မှတ်ရေးနဲ့ အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေး (Moreh) မြို့ ကုန်သွယ်ရေးလမ်းကြောင်း ထိန်းချုပ်ခွင့် အငြင်းပွားမှုတွေကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-IM) က မဏိပူရ်ပြည်နယ် ဂျိုးပီ (Joupi) ကျေးရွာအပါအဝင် ကူကီးကျေးရွာတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အပြစ်မဲ့ ကူကီးအရပ်သား ၁၁၅ ဦးထက်မနည်း တစ်ရက်တည်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။
၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကူကီး-နာဂ ပဋိပက္ခ ကာလတစ်လျှောက်လုံးမှာတော့ ကူကီးလူမျိုး ၉၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ ရွာပေါင်း ၃၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို လူဦးရေ တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဒါကြောင့် ကူကီးလူထုက အဆိုပါ ဂျိုးပီကျေးရွာ လူသတ်ပွဲ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကို သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ပြီး “Sahnit Ni (ကူကီး ဝမ်းနည်းကြေကွဲခြင်း အောက်မေ့ဖွယ်နေ့)” အဖြစ် နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

