Headlines

PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်စစ်သုံ့ပန်း ၈၀ ခန့် မနေ့ညက အစောင့်တွေကို ရိုက်ပြီး ထွက်ပြေးသွား

စက်တင်ဘာလ ၁၄ ရက်။

ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို့နယ်အခြေစိုက် ချင်းညီနောင်(CB) အဖွဲ့ဝင် PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကဗိုလ်မှူးအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့ညက အစောင့်တွေကို ရိုက်ပြီး လက်နက်၊ ကျည်တွေယူကာ ထွက်ပြေးသွားကြောင်း PDF – Zoland နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

PDF – Zoland နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “မနေ့ညက ဖြစ်သွားတယ် တီးတိန်ဘက် တိုက်ပွဲတွေမှာ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေဟုတ်တယ်၊အစောင့်တွေကို ရိုက်ပြီး သူတို့ထွက်ပြေးသွားကြတာလို့ပြောတယ် အရိုက်ခံရတဲ့ အစောင့်တွေတော့ သေဆုံးတာမျိုးမရှိဘူး အခုထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို လက်လံရှာဖွေနေဆဲဖြစ်မယ်ထင်တယ်” လို့ပြောပါတယ်။

စစ်သုံ့ပန်းတွေထဲက ၂ ဦးက ရေချိုးဖို့ပြောလို့ အစောင့်တွေက လွှတ်ပေးလိုက်စဉ် အဲဒီ ၂ ယောက်က အစောင့်တွေကို ရိုက်ပြီး လက်နက်တွေ ကျည်တွေယူပြီး ကျန်တဲ့သူတွေကိုပါ လွှတ်ပေးကာ ထွက်ပြေးသွားကြတာလို့လည်း သိရပါတယ်။

PDF – Zoland တပ်ဖွဲ့က တီးတိန်မြို့နယ်အတွင်း တိုက်ပွဲတွေမှာ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး လက်ရှိမှာ ထွက်ပြေးသွားတဲ့ စစ်သုံံ့ပန်းတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်တယ်လို့လည်း PDF – Zoland တပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *