မီဇိုရမ်ပြည်နယ်မှာ ရှေးဟောင်းအမွေအနှစ် နေရာ ၈၁ ခု ထိန်းသိမ်းထား

သြဂုတ်လ ၂၇ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အမွေအနှစ်တွေအပေါ် အလေးထား အာရုံစိုက်မှုအသစ် ပြန်လည်ရရှိလာခဲ့ပြီး လက်ရှိအချိန်မှာ ပြည်နယ်အစိုးရက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စုစုပေါင်း ၇၉ ခု နဲ့ အမျိုးသားအဆင့်ထိန်းသိမ်းထားတဲ့ (၂) ခုရှိတယ်လို့ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးC. Lalsawivunga က သြဂုတ်လ (၂၇) ရက်နေ့မှာကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအ၀းမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အဆိုပါ ရှေးဟောင်းအမွေအနှစ်နေရာတွေကို အနာဂတ်မျိုးဆက်သစ်တွေအတွက် ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်စေဖို့ “မီဇိုရမ် ရှေးဟောင်းအမွေအနှစ်များ၊ ရှေးဟောင်းသုတေသနနယ်မြေများနှင့် အကြွင်းအကျန်များဆိုင်ရာ အက်ဥပဒေ (၂၀၀၁)” (Mizoram Ancient Monuments and Archaeological Sites and Remains Act, 2001) အရ အကာအကွယ်ပေးထားတဲ့ နေရာတွေအဖြစ် တရားဝင် ကြေညာသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယ ရှေးဟောင်းသုတေသန စစ်တမ်းဌာန (Archaeological Survey of India – ASI) ကနေ အမျိုးသားအဆင့် အရေးပါတဲ့ ရှေးဟောင်းအမွေအနှစ်နေရာ (Monuments of National Importance) အဖြစ် အသိအမှတ်ပြု သတ်မှတ်ထားတဲ့ နေရာ ၂ ခုလည်း ရှိနေပါတယ်။

အဆိုပါ အမျိုးသားအဆင့် သတ်မှတ်ခံထားရတဲ့ နေရာတွေကတော့ မြန်မာနိုင်ငံ နယ်စပ်အနီး Champhai District အတွင်းရှိ Vangchhia Village မှာ တည်ရှိတဲ့ Kawtchhuah Ropui နဲ့ Ralven Puk အပြင် Lianpui Village မှာ Lianpui Hmun သို့မဟုတ် Lungphun Ropui နေရာတို့ ဖြစ်ပါတယ်။

ဒီနေရာတွေကို ASI လက်အောက်မှာ ထည့်သွင်းသတ်မှတ်လိုက်ခြင်းဟာ မီဇိုရမ်ပြည်နယ်အတွက်သာမက နိုင်ငံတော်အဆင့် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် ကဏ္ဍတစ်ခုလုံးအတွက်ပါ အလွန်အရေးပါ ထင်ရှားစေတယ်လို့ India Today က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *