Headlines

အရက်သေစာဥပဒေ အတင်းကြပ်ဆုံး မီဇိုရမ်တွင် ဒေသထွက် ဘီယာနှင့် ဝိုင်ထုတ်လုပ်ရန် လိုင်စင်များ ချထားပေး

သြဂုတ်လ ၂၀ ရက်။

အိန္ဒိယတစ်နိုင်ငံလုံးမှာ အရက်သေစာဥပဒေ အတင်းကြပ်ဆုံး ပြည်နယ်တစ်ခု (Dry State) အဖြစ် လူသိများတဲ့ မီဇိုရမ်ပြည်နယ်မှာ ဒေသထွက်သီးနှံအခြေခံ ဘီယာနဲ့ ဝိုင်ထုတ်လုပ်ခွင့် လိုင်စင်တွေကို စတင် စိစစ်ချထားပေးနေပြီ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma ကိုယ်တိုင် မကြာသေးမီက ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ Mizoram Liquor (Prohibition) Amendment Act, 2025 အရ ဒေသထွက်သီးနှံဘီယာ (Local Fruit Beer) ထုတ်လုပ်ရေးနဲ့ ဝိုင်စက်ရုံ (Wineries) တည်ထောင်ခွင့် လျှောက်ထားမှုတွေကို စိစစ်တဲ့ ရွေးချယ်ရေးကော်မတီ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့မှာ သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပါတယ်။

ရရှိထားတဲ့ လျှောက်လွှာပေါင်း ၉၉ ခုအနက် ကော်မတီက စိစစ်မှုများ၊ အင်တာဗျူးများနှင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒေသထွက် သီးနှံဘီယာ ထုတ်လုပ်ရန်အတွက် လျှောက်ထားသူ ၁၁ ဦးကို အတည်ပြုခဲ့ပါတယ်။ ကျန်လျှောက်ထားသူ ၁၃ ဦးကိုတော့ ထပ်မံစိစစ်ရန်အတွက် အချိန်ပိုပေးခဲ့ပါတယ်။

စုစုပေါင်း လျှောက်လွှာတွေထဲမှာ ၉၆ ခုက ဒေသထွက် သီးနှံဘီယာ ထုတ်လုပ်ဖို့ဖြစ်ပြီး ၃ ခုကတော့ ဝိုင်စက်ရုံ တည်ထောင်ဖို့ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း Lalduhoma က ယခုလုပ်ဆောင်ချက်ဟာ ဒေသထွက်သီးနှံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို သင့်တင့်မျှတတဲ့ ဈေးနှုန်းများဖြင့် ဈေးကွက်တင်ရောင်းချနိုင်ရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းဖြင့် တောင်သူလယ်သမားများကို အကျိုးရှိစေရမည်ဟု အလေးပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ခေတ်မီပြုပြင်ထုတ်လုပ်မှု နည်းပညာများ အသုံးပြုရန်၊ အစားအသောက်ဘေးကင်းလုံခြုံရေး စံနှုန်းများကို လိုက်နာရန်နှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် လိုအပ်ကြောင်းကိုလည်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ကော်မတီဟာ လျှောက်ထားသူများကို အစားအသောက်ဘေးကင်းလုံခြုံရေး လိုက်နာမှု၊ လုံလောက်သော ထုတ်လုပ်မှုကိရိယာများ ရှိမရှိ၊ နည်းပညာပိုင်းဆိုင်ရာ လူအင်အား၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဒေသထွက် သီးနှံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အသုံးပြုနိုင်စွမ်း စတဲ့သတ်မှတ်ချက်များအပေါ် အခြေခံပြီး အကဲဖြတ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ရွေးချယ်ခံရတဲ့ လျှောက်ထားသူတွေကို သင်တန်းပေးဖို့၊ ထုတ်လုပ်သူတွေနဲ့ တောင်သူလယ်သမားတွေကြား ခိုင်မာတဲ့ ဆက်နွှယ်မှုတွေ ရှိလာစေဖို့၊ ရွေးချယ်ထားတဲ့ ယူနစ်တွေအကြား ဗဟုသုတတွေ ဝေမျှနိုင်ဖို့နဲ့ အကောင်းဆုံးကျင့်သုံးမှုတွေကို ကျင့်သုံးနိုင်ဖို့အတွက် အပြန်အလှန် သွားရောက်လေ့လာမှုတွေ ပြုလုပ်ဖို့တွေကိုလည်း အဆိုပြုခဲ့ပါတယ်။

ကော်မတီဟာ လိုင်စင်ရရှိသူတွေအတွက် ပြည့်စုံတဲ့ လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure – SOP) ကိုလည်း အကြံပြုခဲ့ပြီး၊ နောက်ထပ် စိတ်ပါဝင်စားတဲ့ လျှောက်ထားသူတွေ လျှောက်ထားနိုင်ဖို့အတွက် လျှောက်လွှာတင်ရမယ့် ကာလကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မီဇိုရမ်မှာ သြဇာကြီးမားတဲ့ Presbyterian အသင်းတော်၊ Baptist အသင်းတော်ကြီးတွေနဲ့ မီဇိုအမျိုးသမီးအဖွဲ့ချုပ် (MHIP) စတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အရက်သေစာကြောင့် လူငယ်ထု ပျက်စီးခြင်း၊ မိသားစု ပြဿနာနဲ့ လူမှုရေး အကျပ်အတည်းတွေ ဖြစ်ပေါ်စေတယ်ဆိုပြီး အရက် ရောင်းချ/သောက်သုံးမှုကို လုံးဝ ပိတ်ပင်တားမြစ်ရေး (Total Prohibition) အတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖိအားပေး တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် မီဇိုအမျိုးသားတပ်ဦး (MNF) အစိုးရ ပြန်လည်တက်လာချိန်မှာ Mizoram Liquor Prohibition (MLP) Act, 2019 ကို ပြဋ္ဌာန်းပြီး အရက်ဆိုင်အားလုံးကို ပိတ်ကာ လုံးဝ ပိတ်ပင်မှု (Total Prohibition) ချမှတ်ခဲ့ပါတယ်။

အရက်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့ပေမဲ့ Champhai နဲ့ Hnahlan စတဲ့ ဒေသတွေက စပျစ်သီးစိုက် တောင်သူတွေဟာ စပျစ်ဝိုင် ရောင်းချခွင့် မရတော့ဘဲ စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အထူးသဖြင့် ဒေသထွက် စပျစ်ဝိုင်တွေကို အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးသိမ်းဆည်းရာကနေ ဒေသခံ တောင်သူတွေနဲ့ အစိုးရကြား ကြီးမားတဲ့ မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် Lalduhoma (ZPM အစိုးရ) လက်ထက်မှာတော့ စီးပွားရေးအရ တောင်သူတွေကို အထောက်အကူပြုစေဖို့ Mizoram Liquor (Prohibition) Amendment Act, 2025 အရ ပြည်တွင်းဖြစ် ဒေသထွက် သီးနှံဘီယာ (Local Fruit Beer) နဲ့ စပျစ်ဝိုင် ထုတ်လုပ်ခွင့်တွေကို စနစ်တကျ စိစစ်ပြီး လိုင်စင် ပြန်လည် ချထားပေးတဲ့ ပုံစံမျိုးနဲ့ ဖြေလျှော့မှု စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *