
ဩဂုတ်လ ၁၈ ရက်။
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF – Hualngoram ထိန်းချုပ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပြီး လက်ရှိအချိန်ထိတော့ စစ်ရေးနဲ့ပတ်သက်ပြီးတော့ ထူးခြားတာ မရှိသေးဘူးလို့ CDF – Hualngoram တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
CDF – Hualngoram တပ်ဖွဲ့ဘက်က တာဝန်ရှိသူတစ်ဦးက “လက်ရှိအချိန်တော့ ဒီဘက်ကို စစ်ကောင်စီ ဘက်က စစ်ကြောင်းထိုးလာတာမျိုးတော့ မရှိသေးဘူး ၊ စစ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေမှာ ထူးခြားတာ မရှိသေးဘူး” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ရိခေါ်ဒါရ်ဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး တီးတိန်မြို့ဒေသခံတွေထံကနေလည်း ပြည်သူပိုင်ကားအစီး ၅၀ ခန့် ကို ဌားရမ်းအသုံးပြုနိုင်ရေးအတွက် စာရင်းကောက်ယူနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုလို ပြည်သူပိုင်ကားတွေ ဌားရမ်းသုံးပြုဖို့ စာရင်းကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တီးတိန်မြို့ဒေသခံတစ်ချို့ကို မေးမြန်းကြည့်ရာမှာ ၎င်းတို့အနေဖြင့်လည်း လိုင်းပေါ်တွေမှာသာ တွေ့နေရတာဖြစ်ပြီး အခြေအနေမှန်ကို သေချာ မသိရသေးဘူးလို့ ဒေသခံတစ်ချို့က Chin World Media ကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတွက်လည်း အလွန်အရေးပါတဲ့ အိန္ဒိယ – မြန်မာနယ်စပ်ချင်း ထိစပ်နေတဲ့ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး ( CNF/A) ဦးဆောင်တဲ့ ချင်းလက်နက်ကိုင်
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် CDF – Hualngoram နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မြို့ဒေသလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် ဖလမ်း – ရိခေါ်ဒါရ် ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ယာယီကန့်သတ်ထားပြီး လက်ရှိ စစ်ကောင်စီဘက်က တီးတိန်မြို့ကနေ ရိခေါဒါရ် ဘက်ကို စစ်ရေးအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

