
သြဂုတ်လ ၁၇ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရိက္ခာသယ်ယူဖို့သွားတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho)က တပ်ဦးချုပ်ဆလိုင်းရိုးချင်း အပါအဝင် ၃ ဦးဟာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်း လမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ကျဆုံးခဲ့ကြောင်း CDF-Aso တပ်ဖွဲ့က ထုတ်ပြန် ပါတယ်။
အခုလိုဆုံးရှုံးမှုဟာ CDF – Asho နဲ့ အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်သလို ယုံကြည်စွာ အပ်နှင်းခံရတဲ့ တာဝန်နဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓစွန့် တာဝန်ထမ်းဆောင်ခဲ့လို့ များစွာဂုဏ်ယူကြောင်းနဲ့ မပြီးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမယ်လို့ ကျဆုံးသွားတဲ့ ရဲဘော်တွေ ဝိညာဉ်ရှေ့မှောက် ကတိသစ္စာပြုကြောင်း CDF – Asho တပ်ဖွဲ့က ဆိုပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က CDF – Asho တပ်ဖွဲ့ရဲ့ တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဖြိုးသီဟဇော် နဲ့ ရဲဘော် အောင်လင်းဇော် တို့ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတာလို့ CDF – Asho တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
CDF – Asho တပ်ဖွဲ့ရဲ့ တပ်ဦးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ ရိက္ခာသယ်ယူဖို့ သွားရင်း စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးကာ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ကျဆုံးရတာဖြစ်တယ်လို့လည်း သတင်းဌာနတချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တပ်ဖွဲ့ဟာ ရခိုင်နဲ့ မကွေးတိုင်းအစပ် ရိုးမတကြောတွင် အာရက္ခတပ်တော် ( AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားပြီး နတ်ရေကန်တိုက်ပွဲတွင် ပါဝင်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

