Headlines

ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး

ဆလိုင်းခင်မောင်သိန်း (Ed.D)

“လူ”သည် “ပညာရေးစနစ်”ကို ဖန်တီး၏။ “ပညာရေးစနစ်”က လူနှင့်၊ နိုင်ငံကို ပုံသွင်းပြန်၏။ သို့ဆိုပါလျှင် …

“ပညာရေးစနစ်” တစ်ခုသည် လူသား၏ ဘဝတစ်ခု၊ နိုင်ငံ၏ အနာဂါတ်တစ်ခုကို ပုံသွင်း၊ တည်ဆောက် ယူရာတွင် မည်မျှ အရေးပါသနည် ဆိုသည်ကို လူသားတိုင်း မေးသင့်၊ ဖြေသင့်သော မေးခွန်းတစ်ခုပင် ဖြစ်သည်။ အသေချာဆုံးသော အဖြေတစ်ခုမှာ တခြားနိုင်ငံများနှင့် နိုင်းယှဉ်လျှင် ဘက်ပေါင်းစုံမှ လက်ရှိ မြန်မာနိုင်ငံ နိမ့်ကျနေခြင်းမှာ မှားယွင်ခဲ့သော ပညာရေးစနစ်တစ်ခု၏ ရလဒ်သာ ဖြစ်သည်ကို မည်သူမျှ ငြင်းပယ်၍ မရနိုင်ပေ။

“ခေတ်သစ် ပညာရေးစနစ်”၊ ဤစနစ်ကိုကား “global citizenship” ဖြစ်လာရန် “global education” ဟု ပြောစမှတ် ပြုလာကြ၏။ လူသားတို့သည် ကျောက်ခေတ်နှင့် အလယ်ခေတ်များတွင် ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်နိုင်ငံတစ်ခုတည်းဖြင့် တင့်တယ်စွာ၊ သီးသန့် ရှင်သန်၊ ရပ်တည်နိုင်ခဲ့ကြ သော်လည်း၊ ယနေ့ခေတ်တွင်မူ မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ တိုးတက်လာသော အင်တာနက်၊ လူမှုကွန်ယက်၊ သတင်းမီဒီယာစသည်များ၏ အကူအညီဖြင့် ကမ္ဘာတဝှန်းမှ လူမျိုးတစ်မျိုး၏ အကောင်း ဆုံး “စံ”များ၊ နိုင်ငံတစ်ခု၏ အကောင်းဆုံး “စနစ်”များ ပေါင်းဆုံကြရာ “ဆုံရပ်”တစ်ခုသို့ ချဉ်းနင်း ဝင်ရောက်လာသောကြောင့် ဖြစ်သည်။ ယင်းတွင် ပညာရေးဆိုင်ရာ စံများ၊ စီးပွါးရေးဆိုင်ရာ စံများ၊ ကျန်းမာရေး၊ လူမှုရေးနှင့် နိုင်ငံတကာရေး စသော အကောင်းဆုံး “စံ”များ၊ “စနစ်”များကိုပင်၊ ဒီဘက် ခေတ် လူသားတို့သည် “ခေတ်သစ် ပညာရေးစနစ်”ဟု အသိမှတ်ပြု၊ လက်ခံလာကြပြန်၏။

ယနေ့ခေတ်သစ်တစ်ခုကို တွေ့ကြုံနေရသောလူငယ်တစ်ရပ်လုံးသည်၊ ယနေ့ခေတ် စံဖြစ်သော ခေတ်သစ် ပညာရေးစနစ်ကို ရရှိရေးမှာ တစ်ဦးချင်းစီ၏ ဘဝအတွက် အရေးကြီးသလို၊ လူမျိုးတစ်ခု နိုင်ငံတစ်ခု၏ အနာဂါတ် ကောင်းတစ်ခုအတွက်လည်း အသက်တမျှ အရေးကြီးပေသည်။

ဖက်ဒရယ်ပညာရေးစနစ်နိဒါန်း

ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်တွင် (ဗဟို) အစိုးရ၏ ပညာရေးဆိုင်ရာ တာဝန်နှင့် ဝတ္တရား တို့ကို ပိုင်းဖြတ်ပေးထားပါသည်။ အထူးသဖြင့် ဖက်ဒရယ်အစိုးရသည် အမျိုးသားပညာရေးမူဝါဒများနှင့် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။ ပညာရေးတန်းတူ ညီမျှခြင်း ကိစ္စရပ်များ၊ ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိရေး ကိစ္စများ၊ အရည်အသွေး မြင့်မားရေး ကိစ္စများနှင့် အဆင့်မြင့်နှင့် နိုင်ငံတကာပညာရေး၊ ပညာရှင်အဆင့် သုတေသနလုပ်ငန်းရပ်များကို တာဝန် ယူပါသည်။ ဖက်ဒရယ်ပညာရေးဝန်ကြီး ထားရှိပြီး ပါလီမန်တွင်လည်း ပညာရေးအတွင်းဝန်များ ထားရှိ သည်။ ပြည်နယ်အလိုက် ပညာရေးဝန်ကြီးဌာနကို ထားရှိကြသည်။

ပညာရေးအသုံးစရိတ်အား ဖက်ဒရယ်အစိုးရ (ဗဟိုအစိုးရ)၏ ပြဌာန်းချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက လွတ်လပ်စွာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးတို့က တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ကိုယ်ပိုင်ကျောင်းများ၊ အမျိုးသားကျောင်း များ၌လည်း ကိုယ်ပိုင်မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။ တစ်ပြည်နယ်လုံးရှိ ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းအတွင်း ရှိနေပြီး အရည်အသွေးမြင့် အခမဲ့ပညာရေး ရရှိစေရေးမှာ ပြည်နယ် အစိုးရများတွင် အဓိက တာဝန်ရှိသည်။ အနွမ်းပါးဆုံးမိသားစုမှ ကလေးငယ်များ အရည်အသွေး ပြည့်မီ သော အခြေခံပညာရေးကို ဆုံးခန်းတိုင်အောင် တက်ရောက်ခွင့် ရရှိရေးမှာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တွင်းရှိ ပြည်နယ်အစိုးရများ၏ ပင်မတာဝန် ဖြစ်သည်။ ပြည်နယ်အစိုးရ၏ အောင်မြင်မှုကို စစ်ဆေး တိုင်းတာနိုင်သော စံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်ပြည်နယ်ပညာရေးဌာနက မိမိတို့ သက်ဆိုင်ရာပြည်နယ်များအတွင်းရှိ ပြည်သူလူထု၏ ပညာရေးကို မူကြိုအဆင့်မှသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို လုံးဝ တာဝန်ယူ ဆောင်ရွက်သည်။ ပုဂ္ဂလိကလွတ်လပ်ခွင့် ရှိသဖြင့် သီးသန့်ကျောင်းများကိုလည်း ဖွင့်လှစ် ခွင့် ပေးထားပါသည်။ သက်မွေးဝမ်းကျောင်းပညာရေးကို ပြည်နယ်အစိုးရများက တစိတ်တဒေသ တာဝန် ယူပါသည်။

သက်မွေးဝမ်းကျောင်းပညာရေးနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာ မည်သည့် အစိုးရလက်အောက် တွင်မှ မရှိပါ။ ဖက်ဒရယ်အစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရများကဖြစ်စေ တက္ကသိုလ်ပညာရေးကို တိုက်ရိုက် ပါဝင် ဆောင်ရွက်ခွင့် မရှိပါ။ ဆရာအတတ်သင်ပညာရေးကို အစိုးရလက်အောက်ခံ မဟုတ်သော ကိုယ်ပိုင် အုပ်ချုပ်စီမံခွင့်ရသော တက္ကသိုလ်များနှင့် ပြည်နယ်အစိုးရပညာရေးဌာနတို့က ပူးပေါင်းဆောင်ရွက်သည်။

တက္ကသိုလ်များက ဆရာအတတ်ပညာသင်ကြားရေး၊ ဘွဲ့ချီးမြှင့် ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ပြီး ပြည်နယ်အစိုးရများက အသိအမှတ်ပြု ဆရာအတတ်ပညာလိုင်စင်ကို ထုတ်ပေးခြင်း ဖြစ်သည်။ ပြည်နယ် အစိုးရများက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ပညာရေးဘွဲ့ ရရှိထားသူများ၏ ရိုးသားဖြောင့်မတ်မှု၊ ကလေးသူငယ်များနှင့် သင်ကြားရေးအလုပ် လုပ်ကိုင်နိုင်စွမ်း၊ သင်တော့်မှု ရှိ-မရှိ၊ အကျင့်စာရိတ္တနှင့် အခြားအချက်အလက်များကို စစ်ဆေးပြီးမှသာလျှင် “သင်ကြားရေးလိုင်စင်” ထုတ်ပေးသည်။ ပညာရေး တက္ကသိုလ်မှ ဘွဲ့ဒီဂရီနှင့် ပြည်နယ်အစိုးရ အသိအမှတ်ပြု ဆရာအတတ်ပညာ လိုင်စင်ရရှိထားသူမှ သာလျှင် စာသင်ခန်းအတွင်း ဝင်ရောက်ပြီး ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။ ဆရာ အတတ်ပညာ လိုင်စင် မရရှိပါက မဟာဘွဲ့များ၊ ပါရဂူဘွဲများ ရရှိထားသူများပင် ဖြစ်စေကာမူ ကျောင်း စာသင်ခန်းအတွင်း ဝင်ရောက်၍ စာသင်ကြားခွင့် မရှိပါ။ ဤသည်မှာ ဥပဒေပြုပြဌာန်းထားသည့် ဖက်ဒရယ်ပညာရေးဆိုင်ရာ ဆရာအတတ်ပညာရေးကဏ္ဍ တစိတ်တဒေသ ဖြစ်သည်။

ပညာရေးမူဝါဒ ချမှတ်နိုင်ရန်

မြန်မာနိုင်ငံ၏အခြေအနေကို သုံးသပ်ရာတွင် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ပညာရေးမူဝါဒရေးဆွဲရေး သီးသန့်ဥပဒေပြုအာဏာ ရှိနေပြီး ဗဟိုမှငွေကြေး ထောက်ပံ့သည့် ဘဏ္ဍာရေးအာဏာသည် လွှတ်တော်နှင့်ဝန်ကြီးများ၏ လက်ထဲတွင်သာ ရှိသည်။ ပြည်နယ်/တိုင်းဒေသကြီးအစိုးရသည် စေ့စပ်ဆောင်ရွက်ခြင်း အခန်းကဏ္ဍတွင်သာ လုပ်ပိုင်ခွင့် ရှိပြီး၊ ပညာရေး ဆိုင်ရာ အဆောက်အအုံနှင့် ယန္တရားများကို ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက် စီမံ ခန့်ခွဲ သည့်အတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစံနှုန်းနှင့် မကိုက်ညီပါ။

ထို့ကြောင့် တိုင်းရင်းသား ဒေသများအတွင်း အခြေခံပညာရေးအဆောက်အအုံ မလုံလောက်ခြင်း၊ ကျောင်းအင်္ဂါစဉ် မပြည့်မှီခြင်း၊ ပညာသင်စရိတ် ကြီးမားခြင်း၊ ကျောင်းဆရာ/မများမလုံလောက်ခြင်း၊ ဒေသတွင်းဖွံ့ဖြိုးရေးနိမ့်ကျခြင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စာသင်ကျောင်းများ မရှိတော့ခြင်း၊ နည်းသွားခြင်း၊ ကျောင်းဖွင့်လှစ်ရန်ခက်ခဲခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံးမှုများပြားခြင်း၊ တိုင်းရင်းသားဒေသရှိကျောင်းများတွင် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုဘာသာစကား အခက်အခဲများ ရှိခြင်း၊ ပညာရေးတွင်တိုင်းရင်းသားများနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ စသည်ဖြင့် ဖြစ်ပေါ်လျက်ရှိသည်။

အထူးသဖြင့် နိုင်ငံတကာကူညီထောက်ပံ့သည့် ပညာရေးအသုံးစရိတ်များကို အသုံးချပြီး စာသင်ကျောင်းများတွင် ဘာသာရေးစည်းရုံး သိမ်းသွင်းမှုများ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဘာသာစာပေများကို လွှမ်းမိုးချုပ်ကိုင်ခြင်းများ၊ ဝါးမြိုခြင်းများ လုပ်ဆောင်နေကြသည်ကို အထင်အရှား တွေ့ရှိရသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်လာသည့် အချိန်ကာလများမှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ နယ်မြေများရှိ တိုင်းရင်းသားကျောင်းများတွင် နယ်စပ် ဖြတ်ကျော် အကူအညီများ တဖြေးဖြေး လျှော့ကျလာပြီး လုံလောက်မှုများ မရှိတော့ပေ။ ထို့ကြောင့် ကြားကာလနှင့် အနာဂတ်တွင် ကျောင်းသူကျောင်းသားများအတွက် ကောင်းမွန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အခြေခံသည့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာရန် လိုအပ် ပေသည်။

ဦးတည်ချက်

ပညာရေးသည် လူသားတိုင်း၏ အခြေခံလူ့အခွင့်အရေး ဖြစ်သောကြာင့်၊ တိုင်းရင်းသားအသီးသီး၏ စာပေ ယဉ်ကျေးမူတို့ကို ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် အမျိုးသားလူမှုဘဝ မြင့်မားတိုးတက်ရန်၊ လွတ်လပ်စွာ ကိုယ်ပိုင်တွေးခေါ်မျှော်မြင်မှုများ ရှင်သန်ရပ်တည်ရေးကို အာမခံပေးနိုင်မည့် အမျိုးသားပညာရေးစနစ် တစ်ရပ်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်နှင့်အညီ ပြဌာန်းဖော်ဆောင်ရန်။

အခြေခံလမ်းညွှန်မူများ

1.လူ့အခွင့်အရေးကို အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ရမည်။

2.တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားပညာရေးကျောင်းများ တရားဝင်ရပ်တည်ခွင့် ရှိရမည်။

3.ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအသီးသီး၏ စာပေယဉ်ကျေးမှုကို မပျက်မယွင်း အောင် ထိန်းသိမ်းစောင့်ရှောက်သည့်အပြင်၊ ပိုမိုတိုးတက်ကောင်းမွန်အောင် ဒေသလိုအပ်ချက်နှင့် အညီ ဖော်ဆောင်ရမည်။

4.သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ပညာရေး ဖြစ်ရမည်။

5.ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ဖော်ဆောင်သော ပညာရေးစနစ် ဖြစ်ရမည်။

Leave a Reply

Your email address will not be published. Required fields are marked *