
သြဂုတ်လ ၁၂ ရက်။
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ လေးလက်ရွာ (Leilet Khua) အနီးရှိ သီးဘွာလ်ရွာ ( Tibual khua) ကို စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ ၊ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဒရုန်းအသုံးပြုပြီး ဗုံး ၃ ကြိမ်ဖြင့် ကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက “ ဒီကနေ့ ညနေ ၃ နာရီ ၂၀ ဝန်းကျင်လောက်မှာ သီးဘွာလ်ရွာက စစ်ကောင်စီတပ်ဖွဲ့တွေ အရင်က တပ်စွဲခဲ့တဲ့ ရဲစခန်းဟောင်းအနီးတဝိုက်ကို ဒရုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်တာတွေ လုပ်တယ်လို့ သတင်းကြားရတယ် အရပ်သား ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့လည်း သိရတယ်” လို့ပြောပါတယ်။
သီးဘွာလ်ရွာ (Tibual khua) ဟာ ဖလမ်းမြို့နယ်မှာ အခြေစိုက်တဲ့ ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF) ဌာနချုပ်ဟောင်းတည်ရှိရာ လေးလက်ရွာ (Leilet Khua) ကျေးရွာအနီးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး အရင် ဇန်နဝါရီလတုန်းကလည်း သီးဘွာလ်ရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ ဆေးရုံတွေ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဖလမ်းမြို့ကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီး ဖလမ်းမြို့နယ်က အဓိကနယ်မြေတွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လာနိုင်ပေမယ့် ဖလမ်းမြို့နယ်အတွင်းက ရိခေါ်ဒါရ်မြို့ကိုတော့ ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

