Headlines

စစ်ကောင်စီပြန်ထိန်းချုပ်တဲ့ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု ပြန်မလာနိုင်ကြသေး

သြဂုတ်လ ၁၂ ရက်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

လူဦးရေအားဖြင့် ၁၂,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့တဲ့ ဖလမ်းမြို့ပေါ်မှာ လက်ရှိ ဖလမ်းမြို့ပေါ်ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ရာခိုင်နှုန်းအားဖြင့် ၂၅ % ကနေ ၃၀ % လောက်သာရှိပြီး ကျန်တဲ့ ၆၀ % ကနေ ၇၀ % လာက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာနိုင်ကြသေးတာဖြစ်တယ်လို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဖလမ်းစစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုချိန် ဖလမ်းမြို့ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ၂၅ % ကနေ ၃၀ ရာခိုင်နှိုင်းလောက်ဘဲရှိအုန်းမယ် အဲဒီမှာ ၅ ရာခိုင်နှုန်းက နေ့ချင်းပြန် လာပြီးပြန်လိုက် အဲလိုမျိုးအခြေနေဖြစ်တယ် မြို့ခံလူဦးရေ အများစု ၆၀ % ကနေ ၇၀ % လောက်က မပြန်ကြသေးဘူး အခုလိုအများစုမပြန်လာကြသေးတာက အကြောင်းရင်း အမျိုးမျိုးတော့ ရှိမှာပေါ့နော် ကျနော်အထင် ပထမအနေနဲ့ ကျောင်းနေအရွယ် ကလေးရှိတဲ့ မိဘတွေအနေနဲ့ သူတို့စစ်ရှောင်ခဲ့တဲ့နေရာမှာ ကျောင်းထားလို့ဖြစ်မယ်၊ (၂) ဖလမ်းမြို့ဘက်က အခြေအနေတွေ အန္တရာယ်ရှိနိုင်သေးတယ်လို့ မြင်ကြတာလည်းပါမယ် (၃) အချို့ကတော့ စစ်ရှောင်တဲ့နေရာမှာ စီးပွာရေးလုပ်တာ အဆင်ပြေကြသေးလို့ အဲလိုအနေထားတွေ စတာတွေကြောင့်ဖြစ်မယ်” လို့ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့ တွင်း တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးသွားတဲ့ အရပ်သားပြည်သူအတွက် ပျက်စီးမှု အခြေအနေပေါ် မူတည်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဘက်က အိမ်တစ်အိမ်လျှင် သွပ်ပြားအချပ် ၃၀ နဲ့ ဘိလပ်မြေ ၅ အိတ် ကူညီထောက်ပံ့ပေးလျက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “ထောက်ပံ့ပေးနေတာတွေရှိတယ် အပျက်အစီးတွေကို ဘယ်လိုစံနှုန်းသတ်မှတ်ချက်တွေထားပြီး ကူညီတယ်ဆိုတာတော့ အတိအကျ မသိပေမယ့် ထောက်ပံ့ပေးနေတာက တစ်အိမ်ကို သွပ်ပြား ၃၀ နဲ့ ဘိလပ်မြေ ၅ အိတ်ပေးတယ် အိမ်ထောင်စု ဘယ်နှခုကို ပေးတယ်ဆိုတာတော့ အတိအကျ မသိဘူး နောက်ပြီး အခုထောက်ပံံ့တာတွေက ဖလမ်းမြို့အတွင်းဘဲလို့သိရတယ် ” လို့ပြောပါတယ်။

ကူညီထောက်ပံ့မှု မရရှိသေးဘဲ လျှောက်ထားလိုသူတွေနဲ့ ကူညီထောက်ပံ့မှု မရမီ အိမ်ပြင်ဆင်ပြီးစီးသွားသူများအနေဖြင့် ပျက်စီးသွားသော အိမ်ဓာတ်ပုံတွေ သို့မဟုတ် မီးလောင်ကျွမ်းသွားတဲ့ အိမ်နေရာဓာတ်ပုံများကို A4 စက္ကူဖြင့် ပရင့်ထုတ်ယူကာ လျှောက်ထားသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မိတ္တူများနှင့်အတူ ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ တင်ပြလျှောက်ထားပါက ကူညီထောက်ပံ့မှုများ ပြန်လည်ရရှိနိုင်တယ်လို့လည်း သိရပါတယ်။

အိမ်ထောင်စုများအတွက် သာမက ဖလမ်းမြို့တွင်းနှင့် ကျေးလက်ဒေသများရှိ တံတား၊ ရေမြောင်း၊ လမ်း စတဲ့ အများပိုင် သာရေး၊ နာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများအနေဖြင့်လည်း စစ်ကောင်စီ၏ ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လျှောက်လွှာ တင်ပြနိုင်တယ်လို့လည်း သိရပါတယ်။

ကျေးလက်ဒေသမှ လျှောက်ထားသူများ ဖြစ်ပါက သက်ဆိုင်ရာ ကျေးရွာ၏ အိမ်ခြေစာရင်း၊ လူဦးရေစာရင်း (ကျား/မ စုစုပေါင်း) နှင့် ကျေးရွာအတွင်း စစ်ကောင်စီကျောင်း ဖွင့်/မဖွင့် စသည့် အချက်အလက်များကို ပြည့်စုံစွာ ရေးသားဖော်ပြရမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ နဲ့ ဝန်ထမ်းမိသားစုတွေ အပြင် မြို့ခံ ပြည်သူတချို့ ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာ ရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *