Headlines

ဟားခါးမြို့မှာ CNA,CDF-Hakha အဖွဲ့အမည်ခံပြီး သေနတ်/ဗုံးအတုများဖြင့် ခိုးဆိုးလုယက်တဲ့လူငယ်အုပ်စုကိုဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေကြောင်း CDF-Hakha ထုတ်ပြန်

ဩဂုတ်လ ၁၀ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ CNA,CDF-Hakha အဖွဲ့အမည်ခံပြီး သေနတ်/ဗုံးအတုအတုများဖြင့် ခိုးဆိုးလု ယက်မှုများ ကျူးလွန်နေတဲ့လူငယ်အုပ်စုများကိုဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေကြောင်း ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ CDF-Hakha က ဩဂုတ်လ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ လက်ရှိ ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော်(CNA ) သို့မဟုတ် ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha တို့ရဲ့အမည်ကို အလွဲသုံးစားပြု၍ သေနတ်နှင့် ဗုံးအတုများကို ကိုင်ဆောင်လှုပ်ရှားနေသည့် လူငယ်အများ အပြား ရှိနေကြောင်း၊၎င်းတို့သည် အုပ်စုဖွဲ့ လှည့်လည်ကာ နေအိမ်များကို ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြောင်း CDF-Hakha အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ချင်းတော်လှန်ရေးအဖွဲ့အမည်ခံ၍ ဒုစရိုက်ကျူးလွန်နေသူများကို ဥပဒေအတိုင်း ပြင်းထန်စွာ ဒဏ်ခတ်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း လိုက်လံစုံစမ်း ရှာဖွေနေဆဲဖြစ်ကာ ဖမ်းဆီးရမိပါက CNA အမည်ကို သုံးစွဲထားသူများဖြစ်ပါက CNA ထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး CDF အမည်ကို သုံးစွဲထားသူများဖြစ်ပါက CDF-Hakha မှ ကိုယ်တိုင် ပြစ်ဒဏ်ခတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့ကိုဒုစရိုက်သမားများ စုဝေးရာမဖြစ်စေရေးအတွက် မိဘများအနေဖြင့် မိမိတို့ရဲ့သားသမီးများကို စနစ်တကျ စောင့်ကြည့်ရန်နှင့် ရပ်ကွက်အတွင်းရှိ စည်းကမ်းရှိသော လူငယ်များနှင့် ပြည်သူများ ပူးပေါင်း၍ ယင်းဒုစရိုက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးကြရန် ၊ CDF-Hakha အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့်လည်း တရားဝင် တာဝန်ပေးအပ်ခြင်း မရှိဘဲ မြို့အတွင်း မသမာဘဲ သွားလာနေပါက တာဝန်ယူမည်မဟုတ်သည့်အပြင် ပြစ်ဒဏ်ခတ် အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *