
ဇူလိုင်လ ၁၀ ရက်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို ဒီနေ့ဇူလိုင် ၁၀ ရက် မနက် ၆ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ကန်ပက်လက်မြို့အရှေ့ခြမ်းကနေရာတွေကို စစ်ကောင်စီတပ်တိုက်လေယာဉ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ဒီတိုက်ခိုက်မှုအပြီးမရှေးမနှောင်းမှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲခဲ့ပြီး အလုံးရေ ၂၅ လုံးကျော်လောက် ကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက် စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့် မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်မှာ လူနဲ့ အဆောက်အဦတွေ ထိခိုက်၊ သေဆုံးမှုတွေကို တော့ အတိအကျမသိရသေးပါဘူး။
မကွေးတိုင်းဆောမြို့၊ကျောက်ထုမြို့ကိုအခြေပြုပြီး မင်းတပ်မြို့နယ် နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အင်အား ၂,၀၀၀ ဝန်းကျင် နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒီနှစ် မေလလယ်ကစပြီး ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ထုတ်ပြန်ထားပါတယ်။
ပုံ -လွန်ခဲ့တဲ့ ဇူလိုင် ၇ ရက် က မင်းတပ်မြို့နယ်မှာ ဗုံးကြဲခံရတဲ့မြင်ကွင်း

