Headlines

ကလေး-တမူးလမ်း ကနန်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံပြည်သူတွေ အသွားအလာသတိပြုကြဖို့ လိုအပ်

ဇူလိုင်လ ၈ ရက်။

အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းမပေါ်က ကနန်ကျေးရွာအနီးတဝိုက်မှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေအနေဖြင့် အသွားအလာ သတိပြုကြဖို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေက အပြင်းအထန်ဖြစ်နေတယ် ဒီကနေ့မနက်ကလည်း ကနန် D group မရောက်ခင် Rhema ဆုတောင်းတောင်အနီးမှာ မီးခိုးဗုံးတစ်လုံးပေါက်ကွဲတယ် အဲဒါပြီးတော့ မကြာဘူး နှစ်ဘက် အပြန်အလှန် ပစ်ခတ်နေကြတယ် ဗုံးပေါက်ကွဲသံတွေလည်း ဆက်တိုက်ကြားနေရတယ် ပတ်ဝန်းကျင်တဝိုက်လည်း တုန်ခါခဲ့တယ် ခဏအကြာ ပစ်ခတ်တာတွေ အနည်းငယ်ငြိမ်ပေမယ့် ဗုံးပေါက်ကွဲသံတွေက ဆက်တိုက်ကြားရတယ် အဲဒီနောက် နေ့လည် ၂ နာရီခန့်မှာ စလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်တယ် ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ လုံခြုံမှုမရှိတဲ့ နေရာတွေမှာ မသွားလာကြဖို့ သတိပြုဖို့လိုအပ်တယ် တစ်ချို့ပြည်သူတွေက အိမ်က ပစ္စည်းတွေ သွားယူလေ့ရှိကြတော့ သတိထားဖို့ လိုတယ်” လို့ပြောပါတယ်။

လက်ရှိ ကနန်ကျေးရွာ Dinthar ရပ်ကွက်မရောက်ခင် Rhema ဆုတောင်းတောင်အနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီနေရာမှာဘဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အဲဒီအပြင် ဘုရားရုပ်တု မရောက်မီ လမ်းဘေးက ဆန်ကြိတ်စက် အနီး တောင်စောင်းနဲ့ လမ်းဘေးဈေးဆိုင် အနီးတဝိုက်တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ကလေး – တမူး လမ်းမကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇွန်လ လဆန်းပိုင်းလောက်ကနေ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေတာလို့လည်း သတင်းရင်းမြစ်တွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *