
ဇူလိုင်လ ၈ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်အခြေချနေထိုင်တဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေကို ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိသဟာယ ( FCMF ) နဲ့ ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်း၊ ပြည်ပရှိ ဖလမ်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေများကို အသုံးပြုကာ ပထမအကြိမ်အဖြစ် စားနပ်ရိက္ခာနှင့် Solar Kit များကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပထမအကြိမ် ထောက်ပံ့မှုအနေဖြင့် အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်အိတ် (၁) အိတ်၊ ပဲ (၁) ထုပ်၊ ဆီ (၁) ထုပ်နှင့် ဆား (၁) ထုပ်တို့ ပါဝင်သည့် တန်ဖိုးကျပ် ၄၀,၀၀၀ ရှိ စားနပ်ရိက္ခာအထုပ်များကို အိမ်ထောင်စု ၆၈၇ စုသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး၊ ဘုရားကျောင်းနှင့် ရပ်ရွာမှ အထူးရွေးချယ်ထားသော အိမ်ထောင်စု ၁၆ စုကိုလည်း အခမဲ့ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Solar Kit တစ်စုံရဲ့ တန်ဖိုးမှာ ကျပ် ၁၆၀,၀၀၀ ဖြစ်ပြီး၊ အိမ်ထောင်စုတစ်စုလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၇၉ စုသို့ ဖြန့်ဝေပေးနိုင်ခဲ့သည်။ ထို့ပြင် ဘုရားကျောင်း၊ ရပ်ရွာမှ အထူးရွေးချယ်ထားသော အိမ်ထောင်စုများ၊ ဘုရားကျောင်းများနှင့် ရုံးများအတွက် Solar Kit ၂၁ စုံကိုလည်း အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
Solar Kit များကို အိမ်ထောင်စုတိုင်းသို့ လက်လှမ်းမီစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် အခက်အခဲများရှိနေသေးသဖြင့် လျှပ်စစ်မီး လုံးဝမသုံးနိုင်သည့် အိမ်ထောင်စုများရရှိနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့ပြင် အိမ်ထောင်စုတိုင်း သောက်သုံးရေ အဆင်ပြေစွာ ရရှိနိုင်ရေးအတွက် ရေပိုက်လိုင်း သွယ်တန်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ ရေပိုက်လိုင်း ရောက်ရှိလာပါက အိမ်ထောင်စုတစ်စုချင်းစီ၏ လိုအပ်ချက်အလိုက် ရေပိုက် (PVC Pipe) များကိုလည်း ထောက်ပံ့ပေးသွားရန် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

