
မေလ ၁၆ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling ) တို့ မေလ ၁၅ ရက် စကားများရာကနေ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆလိုင်းဆန်လင်း ကျဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling) တို့အကြား ပုဂ္ဂိုလ်ရေး အငြင်းပွားရာကနေ ဆလိုင်းဇကျုံးလျန် က စိတ်မထိန်းနိုင်ဘဲ ဆလိုင်းဆန်လင်း ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ကျနော်ကြားမိတာက CDF – Hakha ဌာနချုပ်ပြောင်းရွှေ့ဖို့လုပ်ကြတယ် အဲဒီမှာ လက်ရှိ GS တာဝန်ယူနေတဲ့ Salai Za Cung Lian ရဲ့ နေအိမ်ကို ၊ အခုမဟုတ်ဘဲ အရင်တာဝန်ထမ်းဆောင်တုန်းက Salai Sang Ling က နေခဲ့တဲ့ အိမ်ပေါ့ အဲဒီအိမ်ကို Salai Sang Ling က သွားဖြိုတာမျိုးထင်တယ် အဲဒီမှာ လက်ရှိ GS တာဝန်ရှိသူလည်းဖြစ် သူနေတဲ့အိမ်လည်း ဖြစ်တော့ ဘာကြောင့် ငါခွင့်ပြုချက်မရဘဲအခုလို လုပ်တာလည်းဆိုပြီး စကားများတာထင်တယ် အဲဒီမှာ Salai Sang Ling က Salai Za Cung Lian ကို ပါးရိုက်လိုက်တာ တပ်သားတွေရှေ့ ပါးရိုက်တာခံရတဲ့ Salai Za Cung Lian ကလည်း မကျေနပ်ဘဲ Salai Sang Ling ဆီသွားပြီး သေနတ်နဲ့ ငါးချက် ပစ်လိုက်တယ် ၃ ချက် ထိမှန်သေဆုံးတယ်လို့ သိရတယ် ။ လက်ရှိ သေဆုံးသွားတဲ့ Salai Sang Ling ရုပ်အလောင်းကို သူကြီးပြင်းခဲ့တဲ့ ရွာမှာ သဂြိုလ်သွားဖို့ ရှိတယ်လို့ သိရတယ် အခင်းဖြစ်ဖြစ်ပြီးပြီးချင်း Wi-fi တွေကိုလည်း ပိတ်ထားတော့ အတွင်းသတင်းကို တာဝန်ရှိသူတွေကလွဲရင် သေချာတော့ မသိနိုင်ဘူးပေါ့” လို့ပြောပါတယ်။
ကျဆုံးသွားတဲ့ ဆလိုင်းဆန်လင်းဟာ CDF – Hakha မှာ အားကိုးအားထားရသူလည်း ဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်မှာလည်း တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်တယ်လို့လည်း သိရပြီး၎င်း ကျဆုံးသွားတဲ့ပေါ် ဝမ်းနည်းကြေကွဲရသလို မဖြစ်သင့်တဲ့ကိစ္စလို့ နီးစပ်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေကလည်း ၎င်းတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားကြပါတယ်။
ဒီပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ CDF – Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling ) ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

