
မေလ ၁၅ ရက်။
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် တန်းတူညီမျှခွင့် ရရှိရေးအတွက် မေလ ၂ ရက်နေ့တွင် ထောင်မှကျွေးသော ထမင်းကို မစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) ရဲ့ ဒီကနေ့ မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလို ဆန္ဒဖော်ထုတ်ရခြင်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်သည် အကျဉ်းသားများအကြား တရားမျှတမှုနှင့် တန်းတူညီမျှမှု လုံးဝမရှိခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်၍ ခွဲခြားဆက်ဆံခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း PPNM က ဆိုပါတယ်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများက (၁) နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့် ရရှိရေး၊ (၂) နိုင်ငံရေးအကျဉ်းသား/သူများ၏ အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် (၃) တရားဥပဒေစိုးမိုးရေး ဟူသော အချက် ၃ ချက်ကို အဓိကတောင်းဆိုခဲ့ကြသည်။ လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် ကျန်ရှိသည့် ပြစ်ဒဏ်ကာလအပေါ် မူတည်၍ ပေးခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ကာလ ကြာမြင့်စွာ ကျခံပြီးသူများအတွက် လျှော့ရက်နည်းပါးပြီး၊ လတ်တလောမှ ပြစ်ဒဏ်ချမှတ်ခံရသည့် ရာဇဝတ်အမှူနှင့် ပုဒ်မများကိုသာ လျှော့ရက်ပိုမို ရရှိနေခြင်းမှာ ၎င်းတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လုံးဝမျှတမှု မရှိကြောင်း နိုင်ငံရေးအကျဉ်းသားများက ထောက်ပြဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အာဏာပိုင်များရဲ့ အဂတိလိုက်စားမှုများမှာ တစ်ထောင်လုံး သိရှိလောက်သည်အထိ ပြန့်နှံ့နေပြီး၊ အမျိုးသမီးဆောင်အတွင်း ဥပဒေကို အကြောင်းပြကာ ပါဆယ်ပစ္စည်း ပိတ်ပင်ခြင်းနှင့် ဟင်းချက်ခွင့် ပိတ်ပင်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်နေမှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။
ကလေးအကျဉ်းထောင်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ဧပြီလ ၁၈ ရက်နေ့တို့တွင်လည်း အမျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများက အခွင့်အရေး ပိတ်ပင်မှုများနှင့် ဖိနှိပ်မှုများအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြဖူးပြီး သို့သော် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးမည့်အစား ဖိနှိပ်မှုများဖြင့်သာ တုံ့ပြန်နေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ဆက်လက်၍ အခွင့်အရေးများ တောင်းဆိုနေကြခြင်း ဖြစ်တယ်လို့လည်း PPNM ကဆိုပါတယ်။
လက်ရှိ စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေသော်လည်း လက်တွေ့တွင်မူ လူသားတိုင်း ရရှိရမည့် တန်းတူညီမျှခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ လှုပ်ရှားမှုက သက်သေပြနေတယ်လို့လည်း ဆိုပါတယ်။
Political Prisoners Network-Myanmar (PPNM) အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် ခွဲခြားဆက်ဆံသည့် မတရားသော လွတ်ငြိမ်းသက်သာခွင့်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချပြီး ဆန္ဒပြအကျဉ်းသားများအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုများ မရှိစေရေးနှင့် ၎င်းတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး အလေးထား စောင့်ကြည့်ပေးကြဖို့ကိုလည်း PPNM က တောင်းဆိုထားပါတယ်။

