Headlines

ချင်းပြည်နယ်တောင်ပိုင်းအတွင်း စစ်ကော်မရှင်ရဲ့ အလုံးအရင်း ထိုးစစ် အလားအလာ ဘယ်လိုရှိနေပါသလဲ ?

ချင်းပြည်နယ်တောင်ပိုင်း၊ ယောဒေသနဲ့ ပုံတောင်ပုံညာဒေသတစ်ကြောမှာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး စစ်ကော်မရှင်တပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ယနေ့အထိ ၁၀ ရက်ဝန်းကျင်ခန့် ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

စစ်ကော်မရှင်ဟာ ယောနယ်တောင်ပိုင်းကိုဦးတည်ပြီး မေလ ၁၁ ရက်နေ့ကတည်းက ကပစ (၂၄) မှ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအင်အား ၁,၅၀၀ ဝန်းကျင်၊ စစ်ကားအစီးရေ ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တာပါ။ မေလ ၂၆ ရက်နေ့မှာတော့ ကျောက်ထုမြို့ရှိ အမတ (၃၆၈) တပ်အတွင်းကို ဝင်ရောက်စခန်းချပြီး ကျောက်ထုဘုရားကုန်း၊ စိုက်ပျိုးရေးရုံး၊ ကျောက်ထုဘဏ်နဲ့ ဂုံဘိုရပ်ကွက် ရေသန့်စက်တွေအနီးမှာ အင်အားဖြန့်ကြက် နေရာယူထားပါတယ်။

မေလ ၂၈ ရက် နံနက်ပိုင်းမှာတော့ ကျောက်ထု အမတ (၃၆၈) ကနေ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ခုဟာ တောင်ဘက်ကို ထပ်မံခွဲထွက်လာခဲ့ပြီး၊ လက်ရှိ မေလ ၂၉ ရက်နေ့မှာ ကျောက်စစ်ရွာနဲ့ ကံချောင်းရွာအနီးကို ရောက်ရှိနေပါတယ်။ ဒီစစ်ကြောင်းဟာ ဆောမြို့ဘက်ကို ဆက်ထွက်မလား၊ ဒါမှမဟုတ် ချင်းတောင်ဘက်ကို ဦးတည်မလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူးလို့ ကျောက်ထုဒေသခံတစ်ဦးကဆိုပါတယ်။

အလားတူပဲ ယခုလကုန်ပိုင်းမှာ ကျောက်ထုကို ရောက်ရှိနေတဲ့ အင်အား ၁,၀၀၀ ကျော်ပါ စစ်ကြောင်းဟာ မင်းတပ်ဘက်ကို ဦးတည်ထွက်ခွာဖို့ ရှိနေတယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းထဲမှာ အတင်းအကျပ် ဖမ်းဆီးစုဆောင်းခံရတဲ့ မင်းတပ်နဲ့ ချင်းလူငယ်တွေအပြင်၊ အခြားတပ်ရင်းတွေက ချင်းလူမျိုး တပ်ကြပ်ကြီး ၈၀ ဝန်းကျင်ကိုလည်း အဓမ္မထည့်သွင်းထားတယ်လို့ ကြားသိရပါတယ်။ တစ်ဖက်မှာလည်း ဆိပ်ဖြူမြို့နယ်ဘက်မှာ မိုင်းထိပြီး ပြန်ဆုတ်သွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်နဲ့ ပေါက်မြို့နယ်ဘက်ကို ပြန်လည်ဦးတည် စစ်ကြောင်းထိုးနေပါတယ်။

မြေပြင်မှာ အထိနာနေတဲ့ စစ်ကော်မရှင်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ကူတွေကို အဆမတန် အသုံးပြုလာပါတယ်။ မြေပြင်တိုက်ပွဲမစခင်ကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှပြုလုပ်ခဲ့သလို မေလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ မန္တလေးတံတားဦးလေတပ်က ဂျက်ဖိုက်တာနှစ်စီးတို့ဟာ ကျောက်ထုနယ်မြေအတွင်းကို ဗုံး ၆ လုံး ကြဲချခဲ့ပါတယ်။ အဲဒီနောက် Y-12 လေယာဉ်နဲ့ တစ်ကြိမ်ကို ဗုံးသီး ၅ လုံးစီဖြင့် ၆ ကြိမ်တိုင်တိုင် ဗုံးအလုံး ၃၀ ထပ်မံကြဲချခဲ့တာကြောင့် တစ်ညတာအတွင်း ဗုံးအလုံးရေ ၃၆ လုံးအထိ အပြင်းအထန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖက်ကဆိုပါတယ်။

ဒါ့အပြင် မေလ ၂၈ ရက် ညနေပိုင်းမှာလည်း ကန်ပက်လက်မြို့ကို ဗုံး ၄ လုံး၊ မတူပီမြို့နယ်ကို တစ်ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို၊ ကျောက်ထု အမတ (၃၆၈) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မင်းတပ်မြို့အရှေ့ခြမ်းကို ပစ်ခတ်ခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ လေကြောင်းကနေ ထောက်ပံ့မှုတွေလည်း လုပ်ဆောင်နေပြီး၊ မေလ ၂၇ ရက်နေ့က ကျောက်ထုကို Y-8 လေယာဉ် ဆင်းသက်ပြီး ဒဏ်ရာရစစ်ကြောင်းမှူး အပါအဝင် အဖွဲ့ဝင် ၅၆ ဦးကို တင်ဆောင်သွားခဲ့သလို၊ မေလ ၂၈ ရက်နေ့မှာလည်း ကျောက်ထု၊ ဆောနဲ့ ကန်ပက်လက်အစပ်တွေကို Y-8 နဲ့ Y-12 လေယာဉ်တွေအသုံးပြုပြီး ခဲယမ်းရိက္ခာတွေ လေထီးနဲ့ ချပေးခဲ့တယ်လို့ လက်ရှိစစ်ရေးသတင်းကို အမြဲစောင့်ကြည့်နေတဲ့ ယောအလင်းတန်းကဖော်ပြပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆောမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အလားတူ ဆိပ်ဖြူမြို့နယ်မှာလည်း ပြည်သူ ၃၀၀ ခန့် အရေးပေါ် စစ်ဘေးရှောင်နေရပါတယ်။

လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အတွင်းရေးမှူး ဆလိုင်းယောမာန်က “လက်ရှိမှာ စစ်ကော်မရှင်တပ်တွေ ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားနိုင်ပေမဲ့၊ ရန်သူက နောက်ထပ်စစ်ကူအင်အား ၁,၀၀၀ ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ပိုမိုကြာရှည်ပြီး ပြင်းထန်လာမယ့် သဘောရှိတယ်” လို့ သုံးသပ်ပြောကြားထားပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ အချိန်ကြာမြင့်စွာ ဆက်လက်ခုခံတိုက်ခိုက်နိုင်ဖို့အတွက် ဆေးဝါးနဲ့ စစ်ရေးအသုံးစရိတ် ပဏာမလျာထားချက်ဟာ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ လိုအပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ ရန်ပုံငွေတွေ အင်တိုက်အားတိုက် ထောက်ပံ့ကူညီပေးကြဖို့ CPU/CPA က အလေးအနက် တိုက်တွန်းနှိုးဆော်ထားပါတယ်။

ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ေမြာက်ပိုင်းက ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်က ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့ကာ တွန်းဇံမြို့ကိုတော့ မေလ ၁၉ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *