
မေလ ၃၁ ရက်။
မေလ ၃၀ ရက်ညက ကျင်းပတဲ့ Mizoram MISMA ပွဲမှာ အိန္ဒိယနိုင်ငံ၊Mizoram ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က “ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကြောင့် နိုင်ငံအသီးမှာ အကွဲကွဲအပြားပြား နာမည်အမျိုးမျိုးနဲ့ပြန့်ကြဲနေကြတဲ့ ချင်း/မီဇို/ကူကီး စတဲ့ လူမျိုးစုကြီးကို UFC ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van က စုစည်းပေးနိုင်ခဲ့ပါပြီ” လို့ပြောကြားခဲ့ပါတယ်။
UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မေလ ၂၉ ရက်နေ့မှာ နယူးဒေလီမြို့မှတဆင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်နေ့ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ MISMA Fight Night” ပွဲစဉ်ကို အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်ကို အလည်အပတ်ရောက်ရှိလာတဲ့ UFC ဖလိုင်း၀ိတ်ချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက သူ့ရုံးခန်းမှာ မေလ ၂၉ ရက်ညနေပိုင်းကလည်း တွေ့ဆုံဂုဏ်ပြုပြီး Joshua Van ရဲ့ကမ္ဘာ့အလည်မှာ အောင်မြင်မှုရရှိသည့်အပေါ်မှာ ဝမ်းသာကြောင်း၊မီဇိုး လူငယ်များအတွက် ခွန်အားဖြစ်စေကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
Joshua Van ကလည်း ချင်းနဲ့မီဇိုးလူမျိုးများဟာ သွေးချင်းညီအကိုများလို့ ခံယူထားကြောင်း၊မီဇိုရမ်ပြည်နယ်ကို မိမိပြည်နယ်ကဲ့သို့မှတ်ယူကြောင်း၊ ထို့ကြောင့် မီဇိုးလူထုအနေဖြင့် UFC ကမ္ဘာ့ချန်ပီယံတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်လို့ မှတ်ယူကြဖို့ Joshua Van က ပြောဆိုခဲ့ပါတယ်။

