Headlines

ရောဂါအခံနဲ့ သေဆုံးသွားတယ်ဆိုပြီး ဦးထန်ခန့်ဒါလ်းရဲ့ရုပ်အလောင်းမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြည့်ဖြစ်တဲ့အပေါ် မိသားစုဝင်တွေ နားလည်ရခက်နေ

မေလ ၁၅ ရက်။

တီးတိန်မြို့နယ် အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ People Police Force – Zoland ( ZFU / PPF – Zoland) က ဖမ်းဆီးထားစဉ် ရက်ပိုင်းအတွင်း ရောဂါအခံနဲ့ သေဆုံးသွားတယ်ဆိုပြီး ဦးထန်ခန့်ဒါလ်းရဲ့ ရုပ်အလောင်းကို မိသားဝင်တွေဆီ မေလ ၁၃ ရက်နေ့က ပြန်ရောက်လာတဲ့အချိန် သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ အပြည့်ဖြစ်နေတာကြောင့် မိသားစုတွေ နားမလည်နိုင်ဖြစ်နေကြတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အသက် ၇၀ နှစ်ကျော်အရွယ်ရှိတဲ့ ဦးထန်ခန့်ဒါလ်းဟာ စစ်ကောင်စီတွေထံ သတင်းပေးပို့လို့ဆိုကာ People Police Force – Zoland ( ZFU / PPF – Zoland)က ဖမ်းဆီးထိန်းသိမ်းထားစဉ် မေလ ၁၃ ရက်နေ့မှာ နဂိုရောဂါအခံနဲ့ ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့တာလို့ People Police Force – Zoland ( ZFU / PPF – Zoland) ကထုတ်ပြန်ထားပါတယ်။

မိသားစုဝင်တစ်ဦးက “အဖမ်းဆီးခံရတာ မေလ ၁၁ ရက်နေ့ကပါ သူပုံမှန်သောက်နေကျ ဆေးဝါးတွေ တချို့ ဆွေမျိုးတွေက သွားပို့ပေးတယ် တွေ့ခွင့်လည်း တောင်းတယ် တွေ့ခွင့်မပေးဘူး ဆေးဝါးတွေတော့ လက်ခံခဲ့တယ် မေလ ၁၃ ရက်နေ့မှာ ဆုံးသွားပြီလို့ ကြေငြာချက်ထုတ်သွားတယ် အဲဒီညမှာပဲ ဆွောင်းဇန်ရွာကို အလောင်းလာပို့သွားတယ် ။ ဦးနှောက် သွေးကြောပေါက်တာကြောင့် သေတယ်ဆိုပေမယ့် ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေပြည့်နေတာက မိသားစုဝင်တွေ အနေနဲ့ နားလည်ရခက်ခဲတယ်။ အဝေးက ပြန်ရောက်လာမယ့် မိသားစုဝင်တစ်ဦးပြန်လာဖို့ရှိတယ် ဈာပန ကိစ္စကို သူပြန်ရောက်လာတဲ့အထိ မပြုလုပ်သေးဘူး။” လို့ ပြောပါတယ်။

People Police Force – Zoland ( ZFU / PPF – Zoland) ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ အသက် ၇၀ နှစ်ကျော်အရွယ်ရှိတဲ့ ဦးထန်ခန့်ဒါလ်းဟာ တီးတိန်မြို့၊ မြို့မရပ်ကွက် ကမ်းဟောက် လမ်းမကြီးပေါ်ရှိ ချယ်ရီ တည်းခိုခန်း ပိုင်ရှင်လည်း ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးထန်ခန့်ဒါလ်းရဲ့ ရုပ်အလောင်းဓာတ်ပုံတွေလည်း လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာတာတွေ့ရပြီး ဝေဖန်မှုတွေလည်း ရှိနေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *