
မေလ ၁၅ ရက်
အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေ ရှိစမြဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော UFC တိုက်ခိုက်ရေးသမား Joshua Van အတွက်တော့ အဲဒီခရီးလမ်းဟာ မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကနေ စတင်ခဲ့တာဖြစ်ကြောင်း အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ The Straits Times က ‘ဒုက္ခသည်စခန်းမှသည် ကမ္ဘာ့ချန်ပီယံဆီသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အထူးတလည် ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က New Jersey ပြည်နယ်၊ Newark မြို့မှာ ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာ Joshua Van ဟာ ဂျပန်နိုင်ငံသား Tatsuro Taira ကို အလဲထိုး (TKO) နဲ့ အနိုင်ယူပြီး သူရဲ့ UFC Flyweight ကမ္ဘာ့ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာရှမှာမွေးဖွားပြီး UFC ချန်ပီယံဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အမျိုးသား တိုက်ခိုက်ရေးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့တဲ့ Joshua Van ဟာ အသက် ၁၀ နှစ်သားအရွယ်မှာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ မလေးရှားက ဒုက္ခသည်စခန်းတစ်ခုမှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက်မှ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ပြောင်းရွှေ့အခြေချခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Joshua Van ဟာ ပြီးခဲ့တဲ့ပွဲမှာ ပြိုင်ဘက် Taira ကို ဒုတိယအချီကတည်းက လက်ဝှေ့စွမ်းရည်နဲ့ အသာစီးရယူခဲ့ပြီး ငါးချီမြောက်၊ မိနစ် ၁:၃၂ မှာ အပိုင်အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူ UFC ကို စတင်ဝင်ရောက်ကတည်းက ၁၁ ပွဲကစားရာမှာ ၁၀ ပွဲမြောက် အနိုင်ရရှိမှုဖြစ်သလို ၇ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က Ariel Helwani Show ရဲ့ ပေါ့တ်ကတ်စ်အစီအစဉ်မှာ Joshua Van က “အခုချိန်မှာ မြန်မာနိုင်ငံကို ပြန်ဖို့ မဖြစ်နိုင်သေးပေမဲ့ လာမယ့်အပတ်မှာ ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့ ထိုင်းနဲ့ မလေးရှားက ဒုက္ခသည်စခန်းတွေဆီ သွားရောက်လည်ပတ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က သူပညာသင်ကြားခဲ့တဲ့ ကျောင်းဟောင်းလေးကိုလည်း သူငယ်ချင်းတွေနဲ့အတူ သွားရောက်ကြည့်ရှုဖို့ စီစဉ်ထားပါတယ်။
ဒုက္ခသည်ဘဝကနေ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ Joshua Van ရဲ့ ခရီးစဉ်ဟာ ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းတွေကြားမှာ အားကျဂုဏ်ယူစရာ ဖြစ်နေပါတယ်။ သူ ချန်ပီယံဆု ကာကွယ်တဲ့ပွဲစဉ်ကို မြန်မာနိုင်ငံအတွင်းက မြို့အသီးသီးမှာ လူအများအပြား စုဝေးအားပေးခဲ့ကြပြီး သူ အနိုင်ရရှိသွားတဲ့အချိန်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်ခဲ့ကြပါတယ်လို့ The Straits Time ကဖော်ပြခဲ့ပါတယ်။

