
မေလ ၁၄ ရက်။
လွန်ခဲ့သည့် ၃ နှစ်က မိုခါမုန်တိုင်းတိုက်ခတ်စဉ်အတွင်း ရန်ကုန်မြို့ရှိ ဩစတေးလျသံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ ထူးခြားသည့်အမှတ်တရအဖြစ် အဆိုပါအောက်ချင်းငှက်မိသားစု တိုးပွါးလာကြောင်း မေလ ၁၄ ရက်မှာ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး၊ ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ယနေ့ကျရောက်သည့် မိုခါမုန်တိုင်း ၃ နှစ်ပြည့် အမှတ်တရနေ့တွင် ဘေးဒဏ်သင့်ပြည်သူများကို ပြန်လည်သတိရခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်ကြားမှ လွတ်မြောက်လာသည့် အောက်ချင်းငှက်မိသားစုလေး၏ သတင်းကောင်းကလည်း စိတ်မကောင်းစရာများကြားမှ ကြည်နူးစရာ မှတ်တမ်းတစ်ခုအဖြစ် ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး၊ ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ သြစတြေးလျသံရုံးက သတင်းစကား ပါးထားပါတယ်။

