
မေလ ၁၃ ရက်။
တီးတိန်မြို့နယ် အခြေစိုက် တော်လှန်ရေး အဖွဲ့အစည်း တခု ဖြစ်သည့် People Police Force-Zoland (ZFU/PPF -Zoland)က စစ်ကော်မရှင် စစ်တပ်များထံသို့ သတင်းပေးပို့သူ အဖြစ် စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဦးထန်ခန့်ဒါလ်းဟာ ဒီကနေ့ မေလ ၁၃ ရက်မှာ ဦးနှောက်သွေးကြော ပေါက်ပြီး သေဆုံးသွားတယ်လို့ ZFU/PPF-Zoland က မေလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အသက် ၇၀ နှစ် ကျော် ရှိပြီဖြစ်တဲ့ ဦး ထန်ခန့်ဒါလ်းဟာ ဆီးချို သွေးချို ရောဂါ အခံ ရှိသူ ဖြစ်ပြီး သွေးတိုး ရောဂါကြောင့် အခုလို ဦးနှောက်သွေးကြော ပေါက်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ စစ်ကော်မရှင် နှင့် အဆက်အသွယ်ပြုလုပ်တာ ထင်းရှားပါသဖြင့် ZFU/PPF-Zoland မှ ၃ ကြိမ် သတိပေးခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကော်မရှင်ထံ ဆက်လက် သတင်း ပေးပို့တဲ့ အတွက် မေလ ၁၁ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်း ဖြစ်ကြောင်း ZFU ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြ ခဲ့ပါတယ်။
သေဆုံးသူဟာ တီးတိန်မြို့၊ မြို့မ ရပ်ကွက် ကမ်းဟောက် လမ်းမကြီး ပေါ် ရှိ ချယ်ရီ တည်းခိုခန်း ပိုင်ရှင် လည်း ဖြစ်ပါတယ်။

