Headlines

မဏိပူရ်ပြည်နယ်မှာ တိုက်ခိုက်ခံရလို့ ကူကီး ခရစ်ယာန်သင်းအုပ်ဆရာ ၃ ဦး သေဆုံး

မေလ ၁၃ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုကြောင့် ကူကီးချင်း ခရစ်ယာန်သင်းအုပ်ဆရာ ၃ ဦး သေဆုံးပြီး၊ တခြားလူ ၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

တိုက်ခိုက်ခံရသူတွေဟာ ချူရာချန်ပူရ် (Churachandpur) မြို့မှာကျင်းပတဲ့ UBC ညီလာခံကနေ ကန်ပေါ့ပီကို မော်တော်ယာဉ်နှစ်စီးနဲ့ ပြန်လာကြတာဖြစ်ပါတယ်။ ကန်ပေါ့ပီခရိုင်အတွင်းရှိ ကော့ဇင် (Kotzim) နဲ့ ကော့လန် (Kotlen) ကျေးရွာကြားအရောက်မှာတော့ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ယာဉ်တွေကို တားဆီးပြီး အတွင်းမှာပါလာသူတွေကို သေနတ်နဲ့ တရစပ် ပစ်ခတ်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကတော့ Thadou Baptist Association (TBA) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ Manipur Baptist Convention (MBC) ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်တဲ့ Rev. V Sitlhou ၊ TBA ရဲ့ အဆင့်မြင့်ဓမ္မဆရာ Rev. Kaigoulun နဲ့ အသင်းတော်သိုးထိန်း Pastor Paogoulen တို့ဖြစ်ပါတယ်။

သေဆုံးသူ Rev. V Sitlhou ဟာ မဏိပူရ်မှာ လူမျိုးစုချင်းကြား ငြိမ်းချမ်းရေးရဖို့ အစဉ်တစိုက် ကြိုးပမ်းနေသူတစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ နာဂလန်းက ခရစ်ယာန်အသင်းတော်တွေနဲ့ ပူးပေါင်းကာ ကူကီးနဲ့ တန်ဂူလ်နာဂ လူမျိုးစုတွေကြား သွေးစည်းညီညွတ်ရေးအတွက် လုပ်ဆောင်နေသူ ဖြစ်တယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေက‌ဖော်ပြကြပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ အနီးအနားက ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ထားရပြီး အချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီလုပ်ရပ်အပေါ် ကူကီးကျောင်းသားများအဖွဲ့ (KSO) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး ကန်ပေါ့ပီခရိုင်တစ်ခုလုံးမှာ အကန့်အသတ်မရှိ Shutdown ချ (ဆိုင်တွေနဲ့ လမ်းတွေပိတ်) ဖို့ ချက်ချင်းကြေညာလိုက်ပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ဆက်သွယ်ထားတဲ့ အမျိုးသားအဝေးပြေးလမ်းမ (NH-2) ကိုလည်း ဆန္ဒပြသူတွေက ပိတ်ဆို့ထားလိုက်ပြီဖြစ်လို့ နယ်မြေအခြေအနေဟာ အရမ်းကို တင်းမာနေပါတယ်။

ကူကီးလူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုကို NSCN-IM ဒါမှမဟုတ် ZUF လက်နက်ကိုင်အဖွဲ့တွေက လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ စွပ်စွဲထားပေမဲ့ လက်ရှိအချိန်ထိတော့ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ နယ်မြေအတွင်း စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *