
မေလ ၁၂ ရက်။
စစ်ဘေးဒဏ်သင့်နေတဲ့ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် (၇) ခုက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့မှမွေးလာတဲ့ အသက် (၂) နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့မှာဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် MRTV က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
၂၀၂၆ ခုနှစ် ၊ မေလ ၂၆ ရက်နေ့ အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူတွေအနေဖြင့် MCCT အစီအစဉ်မှာ အကျိုးခံစားခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (သို့) နီးစပ်ရာ လူမှုဝန်ထမ်းရုံးတွေမှာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူတွေကို ၃ လပတ် ၂ ကြိမ် ( ၆) လစာ ထောက်ပံ့သွားမှာဖြစ်တဲ့ကြောင်းနဲ့ ဒီနှစ်ကစလို့ ဖုန်းသို့ ငွေလွှဲခြင်းဖြင့် ထောက်ပံ့သွားမှာဖြစ်လို့ ထုတ်ယူလိုတဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို မိမိ လက်ကိုင်ဖုန်းတွေမှာ ဖွင့်လှစ်ထားကြဖို့ကိုလည်း အသိပေးနှိုးဆော်ထားတာတွေ့ရပါတယ်။
MCCT အစီအစဉ်တွင် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်၂ နှစ်အောက်ကလေးသူငယ်တွေကို ထောက်ပံ့ငွေပေးအပ်မှာလို့ ထုတ်ပြန်ထားပါတယ်။
ထောက်ပံ့ခြင်းအစီအစဉ်နဲ့ပက်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပတ်တွေဖြစ်တဲ့၁၅၆၆/ 09-88990077 တွကို စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
ချင်းပြည်နယ်မှာ မြို့နယ်ပေါင်း ၉ မြို့နယ်ရှိတဲ့အထဲ ဟားခါးမြို့ ၊ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့တွေသာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိပြီး ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA) ကထိန်းချုပ်ထားကာ ကျန်တဲ့ မြို့နယ်တွေကိုတော့ ချင်းလက်နက်ကိုင်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

