
မေလ ၁၂ ရက်။
တွန်းဇံမြို့ကို လက်ရှိ CNA / CDF – Tonzang ၊ R – CDF ၊ Zo Chin Defense Force စတဲ့ (၄) ဖွဲ့က မြို့ထဲမှာ အခိုင်အမာ တပ်စွဲထားပြီး မြို့ကို ကာကွယ်ဖို့ အသင့်ရှိတာကြောင့် ပြည်သူတွေအနေဖြင့် စိုးရိမ်ထိတ်လန့်ပြီး စစ်ဘေးရှောင်တာတွေ လုပ်ဖို့ မလိုတဲ့ကြောင်းကိုလည်း CDF – Tonzang စစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။
တီးတိန်မြို့နယ် ၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ ဇိုမီးတပ်မတော် (ZRA) ပူးပေါင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကတည်းကနေ ကလေးမြို့ကနေ သံချပ်ကာ တစ်စီးအပါအဝင် အင်အား ၆၀၀ ကျော်ဝန်းကျင်နဲ့ တီးတိန်မြို့ကို စစ်ကူရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီကနေ မေလ ၁၁ ရက်နေ့မှာ တီးတိန် ခလရ (၂၆၉) တပ်ရင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ဝန်းကျင်နဲ့ တီးတိမြို့မှာ ခြေကုပ်ယူနေတဲ့ ZRA တပ်တွေပူးပေါင်းပြီး ချင်းပြည် ( Chinland) ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ Scard ကားနဲ့ ဟိုင်မွှာလ်ကားတွေအပြင် ခြေလျင် စစ်ကြောင်းတွေနဲ့ တွန်းဇံဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ် ဘယ်ရောက်ပြီလဲဆိုတာတော့ မသိရသေးဘူး ၊ သံချပ်ကာ ကားတွေတော့ မပါပေမယ့် အင်အားတော့ ရာချီနဲ့ကို ချီတက်နေတာလို့ သိရတယ်” လို့ပြောပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တွန်းဇံမြို့၊ ကျီခါးမြို့တွေကို ချင်းပြည် ( Chinland) ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ၊ မေလ အတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

