
မေလ ၁ ရက်။
ချုင်းပြည်နယ် ၊ဖလမ်းမြို့နယ်၊ Thlanrawn ကျေးရွာနေ အသက် (၁၇)နှစ်အရွယ် ဒေသခံအမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ မနေ့ဧပြီလ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
Lungrang ကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းတွေ အသုံးပြုကာ Thlanrawn ကျးရွာ တောင်ယာဘက်ရှိ စစ်ဘေးရှောင်တဲတွေပေါ် မနေ့မနက်ပိုငး ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်မှုကြောင့် Thlanrawn ဒေသခံ အမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
မနေ့မွန်းလွဲပိုင်းလောက်မှာလည်း Thlanrawn ရွာသစ်နဲ့ Rialti ကျေးရွာဘက်မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းးတွေ အမြောက်အများ အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့က ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ဖလမ်း – ဟားခါး လမ်းကိုလည်း စိုးမိုး ထိန်းချုပ်ရန် ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပြီး Thlanrawn ကျေးရွာဟာလည်း ဖလမ်း – ဟားခါးလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

