
မေလ ၁ ရက်။
အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက “ ဂျက်ဖိုက်တာတစ်စီးနဲ့ ကြဲသွားတယ် ရွာလယ်တည့်တည့်ကို ကြဲသွားတာမျိုးဖြစ်တယ် အဲဒီမှာကလေးငယ် တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးသွားတယ် ၉ ဦးလောက်ဒဏ်ရာရတယ်လို့သိရတယ် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာရှိတယ် တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ အခုလိုတိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်သင့်နေပြီ” လို့ပြောပါတယ်။
ဒီကနေ့ နေ့လည်မှာ စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်သွားတဲ့ Khawpuichhip ကျေးရွာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားနေခြင်းမျိုးလည်း မရှိဘဲ အခုလို အကြောင်းမဲ့သက်သက် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Khawpuichhip ကျေးရွာဟာ အိမ်၂၀ ဝန်းကျင်ကနေ ၃၀ ဝန်းကျင်သာရှိတဲ့ အိန္ဒိယ – မြန်မာနယ်စပ် အနီးမှာတည်ရှိတဲ့ ရွာဖြစ်ပြီး ဖလမ်း – ရိခေါဒါရ်လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

