Headlines

အင်တာနက်ဖြတ်တောက်မှုခံနေရတဲ့ ချင်းပြည်နယ်လို နေရာအများစုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေတာလို့ MIP ထုတ်ပြန်

ဧပြီလ ၂၀ ရက်။

အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အင်တာနက်ဖြတ်တောက်မှု ဒဏ်ခံနေရတဲ့ နေရာအများစုမှာ ဖြစ်နေတာကို တွေ့ရတယ်လို့ ဇန်နဝါရီလ ကနေ မတ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လ့လာဆန်းစစ်ထားတဲ့ အစီရင်ခံစာကို မြန်မာအင်တာနက်ပရောဂျက် ( MIP) က ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ကနေ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး အကြိမ် ၄၀၆ ကြိမ် ( ၉၆ ရာခိုင်နှုန်းနီးပါး) ဟာ အင်တာနက်ဖြတ်တောက်မှု ဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ စစ်အုပ်စုနဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ်တို့မှာ အဆိုးရွားဆုံး အခြေအနေမှာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ၃ လတာအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးကလွဲရင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုက မြို့နယ်ပေါင်း ၉၉ မြို့မှာ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ကြရပြီး ချင်းပြည်နယ်မှာတော့ မြို့နယ် ၈ မြို့နယ် ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့လည်း MIP ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၇၂၈ ဦး အနည်းဆုံးသေဆုံးခဲ့ရပြီး သေဆုံးမှုအားလုံးရဲ့ ၉၄ ရာခိုင်နှုန်းနီးပါးဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့လည်း MIP ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

သေဆုံးသူတွေထဲ အမျိုးသမီး အနည်းဆုံး ၁၀၇ ဦး ၊ ကလေး ၅၀ ဦး နှင့် သက်ကြီးရွယ်အို ၃၀ ဦး ပါဝင်ခဲ့ပြီး ဒီအချက်အလက်တွေ ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေး အခက်အခဲ နှင့် ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ နေထိုင်နေရတဲ့ အရပ်သားတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှု အန္တရာယ် အရှိဆုံးအခြေအနှေမှာ ရှိနေတာ ပေါ်လွင်နေတယ်လို့လည်း MIP က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *