Headlines

သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ NUCC ထုတ်ပြန်

ဧပြီလ ၁၈ ရက်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အကြာ ဖမ်းဆီးခံထားရာကနေ မနေ့က လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူလူထုက ဒီမိုကရေနည်းလမ်းကျ အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီး မတရားဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရခြင်းဖြစ်တယ်လို့ NUCC က မနေ့ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လွတ်လာတဲ့ ဦးဝင်းမြင့်အား ကြိုဆိုနှုတ်ခွန်းဆက်သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ကျန်းမာစွာ မိသားစုနှင့် ပြန်လည်ဆုံဆည်းရတဲ့ပေါ် NUCC အနေဖြင့် ပြည်သူလူထုနှင့် ထပ်တူများစွာ ဝမ်းမြောက်ရတဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစုတွေအားလုံးနှင့် အတူလက်တွဲပြီး နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း NUCC က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *