Headlines

ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေက နိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေကိုရိုက်ခတ်နေတယ်လို့ NUG ယာယီသမ္မတကပြော

ဧပြီလ ၁၆ ရက်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေက နိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေကိုရိုက်ခတ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) (၅) နှစ်ပြည့်မှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က “ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အကျပ်အတည်းနဲ့ သမိုင်းဆိုင်ရာ နာကျည်းချက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ဖို့ ကြိုးစားနေခဲ့ရပါတယ် လက်ရှိအချိန်မှာလည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေရဲ့ သက်ရောက်မှုတွေကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကိုလည်း ရိုက်ခတ်နေတာတွေ အမြောက်အများ ရှိနေပါတယ်” လို့ပြောပါတယ်။

တော်လှန်ရေးကို အရင်လို လူတစုတစည်း တိုက်နေတာမျိုးမဟုတ်ဘဲ ညီညွှတ်တဲ့ မဟာဗျူဟာ တစ်ခုအောက်ကနေ အရှိန်မြှင့်ဖို့ ရည်ရွယ်ပြီး ဖဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

သူကဆက်ပြီး “တော်လှန်ရေးမှာ ညီညွတ်ရေးဟာ အဓိကကျပါတယ် SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်ကလို လူတစုတစည်း တိုက်နေတာထက် ညီညွတ်တဲ့မဟာဗျူဟာ တစ်ခုအောက်ကနေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ် ဒီကောင်စီမှာ KIO , KNU , KNPP , CNF , CRPH , NUG တို့ ကနဦးအနေဖြင့် ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ် ဒါဟာ အစစုဖွဲ့မှုသာဖြင့်ပြီး SCEF ထဲ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ ထပ်မံပါဝင်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ် ကျနော်တို့ တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြမှုတွေ အိမ်နီးချင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေရှိနေဆဲဖြစ်ပေမယ့် ကျနော်တို့အားလုံးရဲ့ တူညီတဲ့ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဘဲဖြစ်ပါတယ်” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ကို စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၁၆ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဒီမိုကရေစီအင်အားစုပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *