Headlines

မီဇိုရမ်ပြည်မှာ အခန်းတွင်း မီးဖိုရာကနေ အောက်ဆီဂျင်ပြတ်ကာ မြန်မာမိသားစုဝင် မိန်းကလေးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ

ဧပြီလ ၁၆ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Kolasib ခရိုင်ရှိ Lungdai မြို့မှာ မြန်မာပြည်ဘက်ကနေ လာရောက်ပြီး အိမ်ငှားနေထိုင်နေတဲ့ မိသားစုတစ်စုဟာ ဧပြီလ ၁၃ ရက်နေ့မှာ ပုံမှန်အတိုင်း ဆိုင်မဖွင့်ခဲ့တဲ့အတွက် ဒေသခံတွေက သွားရောက်ကြည့်ရှုရာမှာ အခန်းတွင်း မီးဖိုရာကနေ အသက်ရှူကျပ်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ၊ မိခင်နဲ့ မောင်ဖြစ်သူတို့ သတိလစ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဆိုပါမိသားစုဟာ မြန်မာပြည်ဘက်ကနေ လာရောက်ကာ လုံဒိုင်မြို့ Venglai ရပ်ကွက်မှာ အိမ်ငှားနေထိုင်နေသူတွေ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ Pi Lalremsangi ဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်း သမီးဖြစ်သူ Priskil Vanlalhriatpuii (၁၄ နှစ်) နဲ့ သားဖြစ်သူ Austine Vanlalmalsawma (၁၁ နှစ်) တို့နဲ့အတူ နေထိုင်ပြီး လမ်းဘေးစားသောက်ဆိုင်လေး ဖွင့်လှစ်ကာ အသက်မွေးနေသူ ဖြစ်တယ်လို့ All India Radio News Mizoram ကရေးသားဖော်ပြပါတယ်။

ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ သူတို့မိသားစု အိပ်ရာထတာ နောက်ကျနေသလို၊ ဆိုင်လည်းမဖွင့်တာကြောင့် အိမ်နီးနားချင်းတွေက စိတ်မအေးဖြစ်ပြီး မနက် ၁၁ နာရီဝန်းကျင်မှာ အခန်းတံခါးကို ဖျက်ဆီးဝင်ရောက်ကြည့်ရှုခဲ့ရာကနေ အခုလို ဖြစ်ရပ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အိမ်ထဲကို ရောက်သွားတဲ့အခါမှာတော့ မိခင်ဖြစ်သူ Lalremsangi နဲ့ သားဖြစ်သူ Austine တို့ကို သတိလစ်ပြီး လဲကျနေတာကို တွေ့ခဲ့ရသလို၊ နဝမတန်း (Grade 9) ကျောင်းသူဖြစ်သူ Priskil Vanlalhriatpuii ကတော့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

သတိလစ်နေတဲ့ လူနာနှစ်ဦးကိုတော့ လုံဒိုင်ဆေးရုံမှတစ်ဆင့် အိုင်ဇောလ်ရှိ ZMC & H ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ထားပြီး မိခင်ဖြစ်သူကို အသက်ရှူစက် (Ventilator) ဖြင့် အရေးပေါ်ကုသပေးနေရပါတယ်။

အစောပိုင်း စုံစမ်းစစ်ဆေးချက်တွေအရ ဒီမိသားစုဟာ ညပိုင်းမှာ အအေးဒဏ်ကြောင့် အခန်းထဲမှာ မီးဖိုခဲ့ရာကနေ ထွက်လာတဲ့ မီးခိုးတွေကို တံခါးနဲ့ ပြတင်းပေါက်တွေ အားလုံးပိတ်ပြီး ရှူမိရာကနေ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ကာ အောက်ဆီဂျင်ပြတ်တောက်သွားတာလို့ ယူဆရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်မှာ လူသတ်မှု ဒါမှမဟုတ် မသင်္ကာစရာ တစ်စုံတစ်ရာ မတွေ့ရကြောင်း ပြောကြားထားပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် မနက်ဖြန်မှာတော့ Zanlawn ကျေးရွာမှာ သင်္ဂြိုဟ်သွားမှာ ဖြစ်ပါတယ်။

အခုလို မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် “ကိုလားဆစ်မြို့နဲ့ လုံဒိုင်မြို့ရောက် မြန်မာမိသားစုတွေတင်မကဘဲ ဒေသခံတွေပါ တော်တော်လေး စိတ်မကောင်းဖြစ်ရပြီး တုန်လှုပ်ခြောက်ခြားနေကြတယ်” လို့ ဒေသခံ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *