Headlines

တရုတ်ကို စောင့်ကြည့်ရန် အိန္ဒိယနယ်စပ်က မြန်မာတော်လှန်ရေးအင်အားစုများကို အမေရိကန် အသုံးချနေသလား??

NDTV World

အမေရိကန်သည် တရုတ်နိုင်ငံနှင့် အဓိက သင်္ဘောလမ်းကြောင်းများကို စောင့်ကြည့်ရန်အတွက် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် အခြေကုပ်ရယူလိုပြီး စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးသမားများကို ထောက်ခံအားပေးနေသည်ဟု ယူဆရကြောင်း ကမ္ဘာ့ဖြစ်ရပ်များကို အိန္ဒိယ၏ အမြင် (Indian Perspective) ဖြင့် တင်ဆက်ပေးလေ့ရှိပြီး အထူးသဖြင့် တောင်အာရှရေးရာနှင့် အိန္ဒိယ၏ ဘူမိနိုင်ငံရေး (Geopolitics) ဆိုင်ရာ သတင်းများကို အလေးပေးဖော်ပြသည့် NDTV World က ဖော်ပြထားသည်။

နိုင်ငံခြားသားများအား ဖမ်းဆီးရမိခြင်းကြောင့် ပေါက်ပြဲနေသော အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ဒေသတွင်းရှိ အိန္ဒိယ၏ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများအပေါ် အာရုံပြန်လည်ရောက်ရှိလာစေတယ်လို ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒရုန်းစစ်ဆင်ရေးဆိုင်ရာ သင်တန်းပေးရန် ပူးပေါင်းကြံစည်မှုဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၇ ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းက မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၇ ဦးအနက် အမေရိကန်နိုင်ငံသား Matthew VanDyke သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များကို သင်တန်းပေးရန် အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် အိန္ဒိယတွင် ပိတ်ပင်ထားသော အဖွဲ့အစည်းအချို့ကိုလည်း သင်တန်းပေးခဲ့ဖူးကြောင်း အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြောကြားခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့အား NIA က ထိန်းသိမ်းထားပြီး ဒေလီတရားရုံးက အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးရန် ၁၁ ရက်ကြာ အချိန်ပေးထားခဲ့သည်။ VanDyke က မိမိကိုယ်ကိုယ် လုံခြုံရေးလေ့လာသူ၊ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူနှင့် စစ်သတင်းထောက်အဖြစ် ဖော်ပြခဲ့သော်လည်း အဆိုပါ လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်၏နောက်ကွယ်တွင် အလွှာပေါင်းများစွာ ရှိနေနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာနိုင်ငံအပေါ် အာရုံစိုက်ခြင်း

အဆိုပါဖမ်းဆီးမှုများက လုံခြုံရေးအရ ပေါက်ပြဲနေသော အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ဒေသတွင်းရှိ အိန္ဒိယ၏ အကျိုးစီးပွားများကို ပြန်လည်အာရုံစိုက်လာစေကြောင်း NDTV World က ထောက်ပြထားသည်။

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်တွင် ရှိနေပြီးသား ဖြစ်သည်။ အိန္ဒိယသည် ကုလားတန်စီမံကိန်းအောက်ရှိ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ရှိနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ကျောက်ဖြူဆိပ်ကမ်းနှင့် ဆက်စပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှတစ်ဆင့် ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဆက်သွယ်ပေးထားသည့် အိန္ဒိယ၏ အဓိကချိတ်ဆက်မှုလုပ်ငန်းဖြစ်သော ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အရှေ့တောင်အာရှနှင့် လမ်းကြောင်းများ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းအတွက် အစားထိုးဝင်ပေါက်တစ်ခုကိုလည်း ဖန်တီးပေးမည်ဖြစ်သည်။

Chintan Research Foundation မှ Dr Cchavi Vasisht က “အိန္ဒိယရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ကြိုးတန်းလျှောက်ရသလိုပါပဲ။ ကီလိုမီတာ ၁,၆၄၃ ရှည်လျားတဲ့ ကုန်းတွင်းနယ်နိမိတ်အပြင် ရေပြင်ပိုင်နက်တွေက အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကို ပိုတိုးလာစေပါတယ်” ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားပဋိပက္ခ၏ နောက်ဆက်တွဲရလဒ်

ပြီးခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးအခြေအနေများ ပြောင်းလဲလာခဲ့ပြီး မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) က နယ်မြေစိုးမိုးမှု ခိုင်မာလာခဲ့သည်။

Dr Vasisht ၏ အဆိုအရ စစ်တပ်အနေဖြင့် အထိမ်းအမှတ်အောင်ပွဲအချို့ ရရှိခဲ့သော်လည်း (ဥပမာ- ဖားဆောင်းမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း)၊ သံလွင်တံတား ဒုတိယအကြိမ် ဗုံးခွဲခံရမှုကဲ့သို့သော အခြေအနေများကြောင့် အဆိုပါအောင်မြင်မှုမှာ မှေးမှိန်သွားခဲ့ရသည်။

ယခုအခါ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းနှစ်ခုလုံးသည် သေစေနိုင်သော လက်နက်များ၊ အထူးသဖြင့် ဈေးသက်သာသော တရုတ်လုပ် အဝေးထိန်းဒရုန်းများကို အသုံးပြုလာခြင်းက အိန္ဒိယ၏ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာစေကြောင်း NDTV World သတင်းတွင် ရေးသားထားသည်။

အဆိုပါဒရုန်းများကို KIA က မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ပြီး ခရီးသည်တင်လေယာဉ်တစ်စီး ထိမှန်ခဲ့သည်။ ဤအခြေအနေသည် “အိန္ဒိယနယ်စပ် စောင့်ကြည့်ရေးနှင့် အရပ်သား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်စေသည်ဟု Vasisht က ဆိုသည်။

ဖမ်းဆီးမှုများသည် အံ့သြစရာမဟုတ်

ဒေသတွင်း၌ ကြေးစားစစ်သားများ သွားလာလှုပ်ရှားနေခြင်းသည် ဆယ်စုနှစ်များစွာကပင် ရှိခဲ့သော်လည်း ယခု နိုင်ငံခြားသားများ ဖမ်းဆီးခံရမှုသည် အံ့သြစရာ မဟုတ်ပေ။

“ဥပဒေအရ လက်နက်ကိုင်အဖွဲ့တွေကို သင်တန်းပေးတာ၊ အိန္ဒိယနယ်မြေကို ဖြတ်ပြီး ဥရောပကနေ ဒရုန်းတွေ ခိုးသွင်းတာ၊ ကမ္ဘာလှည့်ခရီးသွားဗီဇာကို အသုံးပြုပြီး စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်တာတွေအတွက် UAPA ဥပဒေကို ကျင့်သုံးထားတာပါ။ ဒါက အိန္ဒိယရဲ့ အချုပ်အခြာအာဏာကို အခြေခံကျကျ ချိုးဖောက်တာဖြစ်ပါတယ်” ဟု Dr Vasisht က သုံးသပ်သည်။

အိန္ဒိယအနေဖြင့် မိမိနယ်မြေကို အိမ်နီးချင်းနိုင်ငံများအပေါ် ဆန့်ကျင်တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ဟု အမြဲတမ်း ပြောကြားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်သည် မဟာဗျူဟာကျသည့်နေရာဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ကိုကိုးကျွန်းသည် အရေးပါသော ဆုံမှတ်တွင် ရှိနေသည်။ ထို့ကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ပြင်ပသြဇာများ (တရုတ် သို့မဟုတ် အနောက်အုပ်စု) ကို တားဆီးရန်နှင့် မိမိအချုပ်အခြာအာဏာကို ကာကွယ်ရန် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများမှာ အရေးကြီးကြောင်း NDTV World ၏ ဆောင်းပါးက နိဂုံးချုပ်ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *