
ဧပြီလ ၇ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ဧပြီလ ၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသူ/သား ၅ ဦး ပြန်လွတ်လာတဲ့အထဲ ၊ ခမ်းပတ်မြို့က ချင်းအမျိုးသမီး ၂ ဦး အပါအဝင် ချင်းလူမျိုး ၄ ဦးပါဝင်တယ်လို့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အကျဉ်းသားတွေ အရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ထောင်တွင်းပြစ်မှုကလွဲရင် ကျန်တဲ့ပြစ်မှုတွေက ( နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ်၊ ဘယ်လိုပြစ်မှုဖြစ်ဖြစ်) သူရဲ့ လျော့ရက်တွေရှိတယ် ၅ နှစ်ဆိုရင် ၃ နှစ်လောက်ဘဲ နေရတယ် အဲလိုမျိုးပေါ့နော် အဲဒါနဲ့လွတ်လာတာ ပုံမှန်လျော့ရက်တွေနဲ့ ပြန်လွတ်လာတာဖြစ်တယ် တကယ်တမ်းက လွတ်ရက်စေ့လို့ခေါ်လို့ရတယ် အကျဉ်းသား ရာဇဝတ်မှုအကျဉ်းသားကစလို့ ခံစားရတဲ့ဟာပေါ့ အခုလွတ်လာသူတွေထဲက ကန်ပုလဲကလွဲရင် ကျန်တာက ချင်းလူမျိုးတွေဖြစ်တယ်” လို့ပြောပါတယ်။
ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေက အသက် (၂၈) နှစ်အရွယ် မဗန်ဆွေဒိမ်း၊ အသက် (၂၉) နှစ်အရွယ် ကို ဇလိတ်ဘွဲ့တွမ်ထန်း ၊ အသက် (၃၁) နှစ်အရွယ် မတာချင်နှယ် ၊ အသက် (၂၈) နှစ်အရွယ် ကိုရှောနဲ့ အသက် ၂၅ နှစ်အရွယ် ကိုအောင်နိုင်လင်း တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြန်လွတ်လာသူတွေဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့်ဆိုကာ ဥပဒေပုဒ်မ ၅၁ (က) ၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခံထားရတာဖြစ်ပြီး ပုံမှန်လျော့ရက်တွေနဲ့ လွတ်ရက်စေ့ ပြန်လွတ်လာသူတွေဖြစ်ပါတယ်။
ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်နဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် ဟာ ဒီကနေ့ အချိန်အထိ အကျဉ်းကျ ခံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

