Headlines

မြန်မာနိုင်ငံမှာ နေ့စဉ် လူ ၅ ဦးခန့်ဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ၊ဒဏ်ရာရနေ

ဧပြီလ ၄ ရက်။

မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၅ ဦးခန့်ဟာ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ ( သို့မဟုတ် ) အသက်ဆုံးရှုံးနေရပြီး ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အမြင့်ဆုံး နိုင်ငံဖြစ်လာတယ်လို့လည်း Landmine Monitor 2025 အစီရင်ခံစာအရ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိပညာပေးရေးနှင့် မိုင်းရှင်းလင်းရေး အကူအညီပေးတဲ့နေ့ဖြစ်ပြီး မြေမြှုပ်မိုင်းတွေ နှင့် တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေဟာ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်စေပြီး လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကိုလည်း အတားအဆီးဖြစ်စေတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုပါတယ်။

Landmine Monitor 2025 အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း၊ အခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ အရေအတွက်သည် ထပ်မံအမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၂၀၂၉ ဦး သေဆုံး (သို့မဟုတ် ) ဒဏ်ရာရရှိခဲ့ပြီး ဒီပမာဏဟာ ၂၀၂၃ ခုနှစ်က ကိန်းဂဏန်းထက် ၂ ဆ မြင့်တက်ခဲ့ပြီး မြေမြုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာတယ်လို့လည်း တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ ၅ နှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် ချင်းပြည်နယ်မှာ အရပ်သား ၅၅ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၉ ဦး စုစုပေါင်း ၈၄ ဦးကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေဟာ တိုက်ပွဲဖြစ်ပွားနေစဉ်သာမက တိုက်ပွဲပြီးဆုံးပြီး နောက်ကာလတွေမှာပါ အမြဲတမ်း အန္တရာယ်ဖြစ်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *