
ဧပြီလ ၂ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်စည်ပင်သာယာရေးကော်မတီ (AMC) ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ရည်ရွယ်ပြီး “မသင့်တော်တဲ့ အသုံးအနှုန်းတွေ၊ အသရေဖျက်တဲ့ အသုံးအနှုန်းတွေ” နဲ့ အွန်လိုင်းကနေ တိုက်ခိုက်နေသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ အတိုက်အခံ မီဇိုအမျိုးသားတပ်ဦး (MNF) က မတ်လ ၃၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အသုံးအနှုန်းတွေ ပိုများလာတဲ့အပေါ် MNF ခေါင်းဆောင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ ဒါ့အပြင် အာဏာရ Zoram People’s Movement (ZPM) အနေနဲ့လည်း သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပတ်ဝန်းကျင် ဖြစ်လာအောင် စံနမူနာပြ လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ MNF ဥပဒေရေးရာဘုတ်အဖွဲ့ ဘဏ္ဍာရေးမှူး Zothansangi Hmar က ပြောကြားရာမှာတော့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို ထပ်ခါတလဲလဲ ချိုးဖောက်နေတာတွေကြောင့် အိန္ဒိယရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ထောက်ပြသွားပါတယ်။
သူမက ဥပမာအနေနဲ့ Ward-IV ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် MNF ကိုယ်စားလှယ်လောင်း R Lalrnunthari (သို့မဟုတ်) Nunui Rualheng ကို အွန်လိုင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်တာတွေဟာ “ရက်စက်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့” ပုံစံမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဝေဖန်တာမျိုး မဟုတ်တော့ဘဲ လူ့အသိုင်းအဝိုင်းထဲက အမျိုးသားသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တိုက်ခိုက်နေတာဖြစ်တယ်လို့ Hmar က ပြောပါတယ်။
ဒီလို အသရေဖျက်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ စတင်တော့မှာဖြစ်ပြီး “အမျိုးသမီးတစ်ဦးရဲ့ သိက္ခာကို ပစ်မှတ်ထားတဲ့ မသင့်တော်တဲ့ တိုက်ခိုက်မှုတွေကို လိုအပ်တဲ့ ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်” လို့ အပြတ်အသတ် ပြောကြားခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ပညာတတ်ပြီး အရည်အချင်းရှိတဲ့ အမျိုးသားသမီးတွေ အများအပြား နိုင်ငံရေးထဲ ဝင်ရောက်လာနေပေမယ့် အခုလို ဆိုးဝါးတဲ့ နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် အရည်အချင်းရှိသူတွေ အများပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေထဲ ဝင်ဖို့ ဝန်လေးသွားမှာကိုလည်း သူမက စိုးရိမ်နေပါတယ်။
ဧပြီလ ၂၁ ရက်နေ့မှာ ကျင်းပမယ့် အဖွဲ့ဝင် ၁၉ ဦးပါဝင်တဲ့ AMC ရွေးကောက်ပွဲမှာ အမျိုးသမီး ၂၈ ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၈ ဦး ယှဉ်ပြိုင်ကြမှာပါ။ ZPM၊ MNF နဲ့ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီတွေက ကိုယ်စားလှယ်
လောင်း ၁၉ ဦးစီ အသီးသီး တင်သွင်းထားကြပြီး BJP ကတော့ ၁၁ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂ သိန်း ၃ သောင်းကျော် ရှိတဲ့အထဲမှာ အမျိုးသမီး ၁ သိန်း ၂ သောင်းကျော် ပါဝင်နေပါတယ်။ စုစုပေါင်း မဲဆန္ဒရှင် ၂၃၉,၉၈၉ ဦးရှိပြီး အမျိုးသမီးဦးရေက အမျိုးသားထက် ၁၉,၃၂၃ ဦး ပိုများနေတာကို တွေ့ရပါတယ်။
မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အိုင်ဇောလ်စည်ပင်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် (အင်္ဂါနေ့)၊ နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မဲရလဒ်တွေကိုတော့ ဧပြီလ ၂၇ ရက် (တနင်္လာနေ့) မှာ ရေတွက်ထုတ်ပြန်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးကို ဧပြီလ ၃၀ ရက်နေ့မှာ အပြီးသတ်ဖို့ လျာထားပါတယ်။ အခု ရွေးကောက်ပွဲမှာ ရပ်ကွက် ၁၉ ခုအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီး ၂၈ ဦး ပါဝင်နေပါတယ်။
အထူးသဖြင့် ရပ်ကွက် ၆ ခုကို အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအတွက် သီးသန့် (Reserved) သတ်မှတ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Model Code of Conduct) တွေကို ဧပြီလ ၃၀ ရက်နေ့အထိ တင်းတင်းကျပ်ကျပ် ချမှတ်ထားပြီး ဖြစ်စဉ်အားလုံးကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

