Headlines

ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ (၇) ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတဲ့အပေါ် များစွာဝမ်းနည်းရတယ်လို့ IKACC ထုတ်ပြန်

ဧပြီလ ၂ ရက်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာက အရပ်သားပြည်သူ (၇) ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ပေါ် များစွာဝမ်းနည်းရတယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ( IKACC) က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်က မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီချိန်မှာ ဂျက်ဖိုက်တာ (၂) စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့် တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ လို့ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုအတွင်း ပလက်ဝမြို့နယ် ၊ ကြောင်ချောင်းကျေးရွာနေ အပြစ်မဲ့ အရပ်သား အသက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၄ ဦး ၊ အသက် ၃၀ ဝန်းကျင်အရွယ်ရှိသူ (၂) ဦးနဲ့ အသက် (၄၀) ကျော် အရွယ်ရှိသူ တစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ နိုင်ငံနှင့်တစ်ဝန်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူနေအိမ်၊ စာသင်ကျောင်းတွေ ဆေးရုံတွေ နှင့် ဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ခြင်းတွေကို အပြင် ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တာ စတဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်များစွာထဲက အခု ကြောင်ချောင်းရွာဗုံးကြဲတိုက်ခိုက်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်ပြီး ဒီလိုအကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း IKACC က ထုတ်ပြန်ပါတယ်။

ပလက်ဝမြို့နယ် ၊ ကြောင်ချောင်းကျေးရွာဟာ ချင်းလူမျိုးတွေ နေထိုင်တဲ့ အိမ်ခြေ ၇၀ ဝန်းကျင်ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး လက်ရှိ အာရက္ခတပ်တော် (ULA / AA) ထိန်းချုပ်မှုအောက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *