Headlines

စစ်ကော်မရှင်၏ အစိုးရသစ်ဖွဲ့စည်းရေး ပြင်ဆင်မှုနှင့်အတူ ချင်းပြည်က အရှိန်အဟုန်မြှင့်လာသည့် စစ်မှုထမ်းစုဆောင်းမှုများ

DonBosco

လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက် လွှတ်တော်ခေါ်ယူခြင်း၊ သမ္မတသစ် ရွေးချယ်ခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကာလတစ်လျှောက် ချင်းပြည်နယ်အတွင်းရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များသည်လည်း တပ်အင်အားဖြည့်တင်းရန်အတွက် စစ်မှုထမ်းမူဝါဒများချမှတ်ကာ စစ်သားစုဆောင်းမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြသည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်သည့် Chinland Council (ချင်းပြည်အစိုးရ) သည် တပ်အင်အား တည်ဆောက်နိုင်ရန်အတွက် စစ်မှုထမ်းကာလကို (၃) နှစ် သတ်မှတ်ကာ တပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒကို ၂၀၂၆ ခုနှစ်၊ မတ်လဆန်းပိုင်းတွင် စတင်ချမှတ်ခဲ့သည်။

အဆိုပါ မူဝါဒကို Chinland Council တွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကျော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သိမ်းပိုက်ရရှိထားသည့် နယ်မြေများ ပြန်လည်မဆုံးရှုံးစေရေးနှင့် နယ်မြေစိုးမိုးရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သော (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင်လည်း CNF/CNA က အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားအားလုံး အမျိုးသားရေးအသိဖြင့် စစ်မှုထမ်းကြရန် အထူးတိုက်တွန်းခဲ့သလို၊ စစ်မှုမထမ်းလိုဘဲ တိမ်းရှောင်သူများကို မူဝါဒနှင့်အညီ ထိုက်သင့်သည့် တန်ရာတန်ကြေးအတိုင်း ဆောင်ရွက်သွားမည်ဟု တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ပြောကြားခဲ့သည်။

သို့သော်လည်း မြေပြင်တွင် စစ်မှုထမ်းရန် စုဆောင်းမှုဖြစ်စဉ်များနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအကြား အမြင်ကွဲလွဲမှုများနှင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ Hakha Baptist Church (HBC) ဘေးရှိ ဘောလုံးကွင်းနှင့် လက်ဖက်ရည်ဆိုင်များတွင် ရှိနေသည့် လူငယ် ၇၀ ကျော်ကို Chinland Council ကာကွယ်ရေးတပ်ဖွဲ့များက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နာမကျန်းသူများ၊ ဆရာဝန်နှင့် ကျောင်းဆရာများ သို့မဟုတ် မိသားစုဝင်အတွင်း တော်လှန်ရေးတွင် ပါဝင်နေသူရှိပါက ပြန်လွှတ်ပေးမည်ဟု ဆိုထားသော်လည်း၊ စစ်မှုထမ်းဥပဒေနှင့် ကိုက်ညီပြီး မိသားစုအတွင်း တော်လှန်ရေးမလုပ်သေးသူများကိုမူ လုံးဝပြန်လွှတ်ပေးမည်မဟုတ်ကြောင်း ချင်းလဲန်ကောင်စီအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်းဂျွန်ကင်က အတိအလင်း ပြောကြားခဲ့သည်။

အလားတူ တီးတိန်မြို့နယ်အတွင်းတွင်လည်း Zomi Federal Union (ZFU)/PDF-Zoland က ဇိုဂမ်နယ်မြေအတွင်း အရွယ်ရောက်သူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရန် မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးမှုများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

 မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် PDF-Zoland တပ်ဖွဲ့သည် တီးတိန်မြို့နယ်၊ ဘွင် (Buan) ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အသုဘနာရေးအိမ်နှင့် အင်တာနက်အသုံးပြုနေသည့် နေရာများမှ အသက်မပြည့်သေးသည့် ၁၃၊ ၁၄ နှစ်အရွယ် ကလေးငယ်အချို့ အပါအဝင် လူငယ် ၂၉ ဦးကို စစ်မှုထမ်းရန် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများထဲ၌ နာမကျန်းဖြစ်နေသူတစ်ဦးလည်း ပါဝင်ခဲ့သည်။ ကလေးမိဘများက ညတွင်းချင်းပင် လိုက်လံတောင်းပန်ခဲ့ကြသော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ အခြားလျှို့ဝှက်ကျေးရွာတစ်ခုသို့ ပို့ဆောင်လိုက်ခြင်းကြောင့် ဒေသခံမိဘပြည်သူများမှာ ငိုကြွေးပူဆွေးမှုများနှင့်အတူ စိုးရိမ်ထိတ်လန့်နေကြရသည်။

PDF-Zoland အနေဖြင့် မတ်လ ၂၄ ရက်နေ့မှစ၍ လိုင်တွီးရွာသား ၁၂ ဦး၊ မွီးဇောလ်ရွာသား ၃ ဦးနှင့် ဒိမ်ပီးရွာသား ၉ ဦးတို့ကိုလည်း ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ မတ်လ ၂၆ ရက်နေ့က ဒိမ်ပီးရွာသို့ ဝင်ရောက်စဉ် လူငယ်များ ထွက်ပြေးရာမှ အသက် ၂၆ နှစ်အရွယ် ကိုခမ်ငိုက်ပေါင်မှာ ပြတင်းပေါက်မှ ခုန်ချသဖြင့် ပေါင်ခြံသွေးကြောပြတ်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

တပ်သားစုဆောင်းမှုအပေါ် မြေပြင်ကန့်ကွက်မှုများသည် ယခု မတ်လအတွင်းမှသာမက ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စတင်ကျယ်ပြန့်ခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မတူပီမြို့နယ်၊ မာဒူရွာတွင် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF-Daai တပ်ဖွဲ့က အသက်မပြည့်သေးသည့် ကလေးငယ် ၂၀ ခန့်အပါအဝင် တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်း မဖြစ်မနေ စစ်မှုထမ်းရန် အတင်းအဓမ္မနည်းဖြင့် စုဆောင်းခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ညဘက်အချိန်မတော် အိမ်တံခါးများ ဖျက်ဆီးဝင်ရောက်ခြင်းနှင့် သေနတ်ဖောက် အင်အားပြခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံရွာသားများက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အလားတူ ကန်ပက်လက်မြို့နယ်၊ ရှင်ဘောင်-မကျီရုမ်း-အောက်ရဲရွာရှိ ဒေသခံများနှင့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များသည်လည်း Daai Regional Council (DRC) နှင့် ချိတ်ဆက်ထားသော CPU/CPA (Chin People Army) အဖွဲ့၏ စစ်သားသစ်စုဆောင်းမှုအပေါ် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ပင် သဘောထား ထုတ်ပြန်ခဲ့ကြသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ရှင်ဘောင်-မကျီရုမ်း-အောက်ရဲရွာ ပြည်သူလူထုနှင့် အမျိုးသမီးကော်မတီတို့က CPU/CPA (Chin People Army) အဖွဲ့၏ စစ်သားသစ်စုဆောင်းမှုအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြရာတွင် အချက် (၆) ချက်ကို အဓိကထား တောင်းဆိုခဲ့ကြပါသည်။

အဆိုပါ တောင်းဆိုချက်များတွင် ကျေးရွာအတွင်း အသိပေးခြင်းမရှိဘဲ တစ်အိမ်လျှင် တစ်ယောက်နှုန်း အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အသက် (၁၈) နှစ်မပြည့်သေးသူများနှင့် ကျောင်းတက်နေဆဲ ကျောင်းသား၊ ကျောင်းသူများကို စစ်မှုထမ်းရန် အမည်စာရင်းကောက်ယူခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်၍ မပြုလုပ်ရန်၊ လက်နက်ကိုင်အင်အားပြ၍ ခြိမ်းခြောက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်းများကို ရပ်တန့်ရန်၊ ဝေဖန်သံများ အပြင်သို့မရောက်စေရန် Starlink အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တောတောင်ထဲ ထွက်ပြေးနေရသည့် လူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အတင်းအဓမ္မနည်းလမ်းများအစား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကိုသာ လိုက်နာကျင့်သုံးရန် စသည့်အချက်များကို ပြင်းထန်စွာ တောင်းဆိုထားကြခြင်း ဖြစ်ပါသည်။

ထို့အတူ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး စနစ်တကျ ပြဋ္ဌာန်းဖို့နဲ့ အတင်းအဓမ္မ စုဆောင်းတာမျိုး မလုပ်ဘဲ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ ထောက်ပြခဲ့ကြသည်။ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် လူထု၏ယုံကြည်မှုကို မပျက်ပြားစေမည့် ခိုင်မာသည့် စစ်မှုထမ်းမူဝါဒမျိုး ပြဋ္ဌာန်းကျင့်သုံးဖို့ အဓိက တိုက်တွန်းနေကြခြင်း ဖြစ်သည်။

ဤဖြစ်စဉ်များနှင့် ပတ်သက်၍ ချင်းလူမှုအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးကမူ “အဓိကပြဿနာအရင်းအမြစ်က အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်သာဖြစ်ပါတယ်။ အဓိကတရားခံဟာ အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။ အရင်ကဆိုရင် စစ်သားလုပ်ချင်တဲ့သူဟာ မျိုးချစ်စိတ်နဲ့ လုပ်ခဲ့ကြသလို၊ မလုပ်ချင်တဲ့သူတွေကလည်း တခြားနည်းလမ်းနဲ့ တိုင်းပြည်ကို အကျိုးပြုခဲ့ကြပါတယ်။ အခုတော့ အာဏာရှင်စနစ်က ကိုယ့်လူမျိုးအချင်းချင်းကြားမှာတောင် ပဋိပက္ခဖြစ်စေလာတာဖြစ်တယ်” ဟု သုံးသပ်ပြောကြားသည်။

ထို့အပြင် CDM ဝန်ထမ်းတစ်ဦးကလည်း “ချင်းလူငယ်တွေဟာ တော်လှန်ရေးမှာ အစွမ်းကုန် ပါဝင်နေကြတာ အားလုံးအသိပါ။ လူတိုင်းမှာ ကျရာတာဝန်ကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့လို လူဦးရေနည်းတဲ့ လူမျိုးစုတွေအနေနဲ့ အချင်းချင်းကြားမှာ ပဋိပက္ခပိုပြီးဖြစ်လာစေရင်တော့ အခုလမ်းကြောင်းထက် ရှိပြီးသား လက်နက်ကိုင်အင်အားစုတွေရဲ့ အရည်အသွေးကို မြှင့်တင်တာမျိုးကို ပိုပြီး ဦးစားပေးတာမျိုးကို လုပ်ဖို့လည်းလိုအပ်ပါတယ်” ဟု ဖြည့်စွက်အကြံပြုထားပါသည်။

ချင်းပြည်နယ်၏ အခြားဒေသများတွင်လည်း စစ်မှုထမ်းစနစ်နှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေပြီး တွန်းဇံမြို့နယ်ကောင်စီက စစ်မှုမထမ်းလိုသည့် မိသားစုဝင်များကို မြို့နယ်မှ နယ်နှင်ဒဏ်ပေးမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်တွင် သတိပေးခဲ့သလို၊ အရွယ်ရောက်ပြီးသူများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။

ကန်ပက်လက်မြို့နယ်တွင်လည်း တပ်သားစုဆောင်းမှုအပေါ် ဝေဖန်သံများ လူမှုကွန်ရက်ပေါ်သို့ မရောက်ရှိစေရန်အတွက် ဒေသခံများ၏ Starlink စက်များကို ကာကွယ်ရေးတပ်ဖွဲ့များက ၁ လနီးပါးကြာ ယာယီသိမ်းယူခဲ့ခြင်းကြောင့် အဝေးရောက်ဒေသခံများနှင့် အဆက်အသွယ်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ချင်းလူမှုအသိုင်းအဝိုင်းအတွင်းမှ အခြားသော သုံးသပ်ချက်တစ်ခုတွင်လည်း “အဓိကကတော့ လူထုစည်းရုံးရေး (Public Mobilization) ပါပဲ။ ဒီတော်လှန်ရေးက ချင်းလူမျိုးနဲ့ ချင်းပြည်အတွက် ဘယ်လောက်အရေးကြီးတယ်၊ ငါတို့ပြည်လွတ်မြောက်ဖို့ ဘယ်လောက်လိုအပ်တယ်ဆိုတာကို လူထုကြားမှာ ထိထိရောက်ရောက် စည်းရုံးနိုင်ရင် လူငယ်တွေဟာ ဂုဏ်ယူစွာနဲ့ တာဝန်ထမ်းဆောင်ကြမှာပါ။ အတင်းအဓမ္မ ခေါ်ယူတဲ့ပုံစံမျိုးတွေဟာ ရေရှည်မှာ အကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။ လူထုရဲ့ ပံ့ပိုးမှုမရှိရင် တော်လှန်ရေးဟာ ကျဆုံးမှာဖြစ်လို့ ခေါင်းဆောင်တွေအနေနဲ့ ဒီစစ်မှုထမ်းခေါ်ယူတဲ့ နည်းလမ်းကို သေချာပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်” ဟု တိုက်တွန်းထားပါသည်။

ခြုံငုံကြည့်ပါက တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အင်အားစုစည်းရန် စစ်မှုထမ်းစနစ်ကို ကျင့်သုံးနေသော်လည်း၊ မြေပြင်တွင် အတင်းအဓမ္မ ဖမ်းဆီးမှုများ၊ အသက်မပြည့်သေးသူများအား ခေါ်ဆောင်မှုများနှင့် ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် လူထုနှင့် တော်လှန်ရေးအဖွဲ့အစည်းများအကြား အမြင်မကြည်လင်မှုများနှင့် ယုံကြည်မှုလျော့နည်းလာမှုများမှာ သိသိသာသာ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *